ဘဏ်ဝန်ဆောင်မှု လက်လှမ်းမမီသည့် ကျေးလက်နေပြည်သူများအထိ ဘဏ္ဍာရေး အခွင့်အလမ်းများကို သုံးစွဲလာနိုင်ခြင်း၊ ငွေကြေးလွှဲပြောင်းမှုများတွင် ပွင့်လင်းမြင်သာမှုရှိလာခြင်း စသည့်အကျိုးကျေးဇူးများ ရရှိ
မြန်မာနိုင်ငံတော်ဗဟိုဘဏ်အနေဖြင့် နိုင်ငံတကာနှင့်ရင်ဘောင်တန်းနိုင်ရန် ငွေသားမဲ့ငွေပေးချေမှုစနစ် (Cashless Payment System) ဆောင်ရွက်လျက်ရှိပြီး ယင်းသို့ ငွေသားမဲ့ငွေပေးချေမှုစနစ် Cashless Society ကို စနစ်တကျ အောင်မြင်အောင် ဆောင်ရွက်နိုင်ရန်အတွက် နိုင်ငံတကာတွင်ဆောင်ရွက်အောင်မြင်နေသည့် အိန္ဒိယ၊ ထိုင်းနှင့် စင်ကာပူတို့ကို လေ့လာ၍ အားသာချက်များ အားလုံးကို စုစည်းဆောင်ရွက်နိုင်ခဲ့ကြောင်း ဗဟိုဘဏ်က ဖေဖော်ဝါရီ ၁၉ ရက်တွင် ထုတ်ပြန်ထားသည်။
မြန်မာနိုင်ငံတော်ဗဟိုဘဏ်အနေဖြင့် နိုင်ငံတကာနှင့်အညီ ရင်ဘောင်တန်းနိုင်ရန်အတွက် ငွေသားမဲ့ငွေပေးချေမှု စနစ် (Cashless Payment System) ကို ဆောင်ရွက်နိုင်ရန်အတွက် အမျိုးသားငွေပေးချေမှုအခြေခံအဆောက် အအုံ (National Payment Infrastructure) ကို တစ်ဆင့် ပြီးတစ်ဆင့် စနစ်တကျ တည်ဆောက်ခဲ့သည်။
ဗဟိုဘဏ်အနေဖြင့် အခြေခံအဆောက်အအုံများဖြစ်သည့် CBM-NET ကို ဦးစွာတည်ဆောက်ခဲ့ပြီးနောက် မြန်မာငွေပေးချေမှုအဖွဲ့ (Myanmar Payment Union – MPU) ထိုမှတစ်ဆင့် လက်ရှိ MMQR သို့ အဆင့်ဆင့် ဆောင်ရွက်ခဲ့သည်။
လက်ရှိအချိန်တွင် မြန်မာနိုင်ငံတော်ဗဟိုဘဏ်၏ ဦးဆောင်မှုဖြင့် နိုင်ငံပိုင်ဘဏ်များ၊ ပုဂ္ဂလိကပိုင်ဘဏ်များနှင့် ဘဏ်မဟုတ်သော ငွေရေးကြေးရေးအဖွဲ့အစည်းများ၊ နည်းပညာကုမ္ပဏီများအနေဖြင့် ငွေသားအသုံးပြု၍ ငွေပေးချေမှုစနစ်မှ Cashless System သို့ တက်လှမ်းကာ ဆောင်ရွက်လျက်ရှိသည်။
ငွေသားမဲ့ငွေပေးချေမှုစနစ် Cashless System ဆိုသည်မှာ ငွေသားအသုံးပြုမှုနည်းပါးပြီး Banking စနစ်ကို အခြေခံသော Mobile Banking Payment/ Digital စနစ်ကိုအခြေခံသော Digital Payment များကို လူအများ ယုံကြည်စိတ်ချစွာ အသုံးပြုနိုင်သည့် အကျိုးရှိသည့် ပြောင်းလဲမှုတစ်ရပ်ပင် ဖြစ်သည်။
ထိုသို့သုံးစွဲခြင်းဖြင့် ငွေကြေးစီးဆင်းမှုမြန်ဆန်လာခြင်း၊ ငွေကြေးလွှဲပြောင်းမှုများတွင် ပွင့်လင်းမြင်သာမှု ရှိလာခြင်း၊ အငယ်စား၊ အသေးစား၊ အလတ်စား လုပ်ငန်း(MSMEs) များ တရားဝင်ဘဏ္ဍာရေး စနစ် (Formal Economy) အတွင်းသို့ ဝင်ရောက်လာနိုင်ခြင်း၊ ဘဏ်ဝန်ဆောင်မှု လက်လှမ်းမမီသည့် ကျေးလက်နေပြည်သူများ အထိ ဘဏ္ဍာရေး အခွင့်အလမ်းများကို သုံးစွဲလာနိုင်ခြင်း စသည်ဖြင့် အကျိုးကျေးဇူးများ ရရှိမည်ဖြစ်သည်။
မြန်မာနိုင်ငံတော်ဗဟိုဘဏ်အနေဖြင့် ငွေသားမဲ့ငွေပေးချေမှုစနစ် Cashless Society ဆောင်ရွက်ရာတွင် စနစ်ကျနမှု၊ အကျိုးအများဆုံး ရရှိစေရေးအတွက် နိုင်ငံတကာတွင် အောင်မြင်စွာ ဆောင်ရွက်နိုင်ခဲ့သည့် နိုင်ငံများဖြစ်သည့် အိန္ဒိယနိုင်ငံ၏ (Unified Payment Interface – UPI) စနစ်မှတစ်ဆင့် လမ်းဘေးဈေးသည်အထိ QR ဖြင့် အချိန်နှင့်တစ်ပြေးညီ ငွေပေးချေနိုင်သည့် ခိုင်မာသော Infrastructure ကို တည်ဆောက်ခဲ့မှုများ၊ ထိုင်းနိုင်ငံ၏ PromptPay နှင့် National QR စနစ်မှတစ်ဆင့် နိုင်ငံဖြတ်ကျော်ငွေပေးချေမှု (Cross-border QR Linkage) အထိ အောင်မြင်စွာ ဆောင်ရွက်နိုင်ခဲ့မှုများ၊ စင်္ကာပူနိုင်ငံ၏ Regulatory Sandbox နှင့် Cloud Governance မူဝါဒများ မှတစ်ဆင့် ဆန်းသစ်တီထွင်မှု (Innovation) နှင့် စည်းမျဉ်းစည်းကမ်း (Regulation) ကြား မျှတအောင် ညှိနှိုင်းနိုင်ခဲ့မှုများကို စနစ်တကျလေ့လာ၍ အားသာချက်များကို ထုတ်နှုတ်ဆောင်ရွက်ခဲ့ခြင်းဖြင့် အကောင်းဆုံးများကို စုစည်းဆောင်ရွက်နိုင်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
