အမေရိကန်စစ်တပ်သည် အီရန်နိုင်ငံအား အစောဆုံးအနေဖြင့် ယခုသီတင်းပတ်ကုန်တွင် တိုက်ခိုက်ရန် အဆင်သင့်ရှိနေသော်လည်း သမ္မတ ဒေါ်နယ်ထရမ့်အနေဖြင့် အဆိုပါလုပ်ဆောင်ချက်များကို ခွင့်ပြုပေးရန် နောက်ဆုံးဖြတ်ချက် မချရသေးကြောင်း ယင်းကိစ္စနှင့် နီးစပ်သည့် သတင်းရင်းမြစ်များက CNN သို့ ပြောကြားခဲ့သည်။
မကြာသေးမီရက်ပိုင်းအတွင်း အရှေ့အလယ်ပိုင်းတွင် လေကြောင်းနှင့် ရေကြောင်းစုဖွဲ့မှုများကို သိသိသာသာ တိုးမြှင့်ထားပြီးနောက် အမေရိကန်စစ်တပ်အနေဖြင့် သီတင်းပတ်ကုန်တွင် တိုက်ခိုက်မှုပြုလုပ်ရန် အသင့်ဖြစ်နိုင်ကြောင်း အိမ်ဖြူတော်သို့ အစီရင်ခံတင်ပြထားသည်ဟု သတင်းရင်းမြစ်များက ဆိုသည်။ သို့သော်လည်း ထရမ့်သည် စစ်ရေးအရ အရေးယူဆောင်ရွက်မှုအပေါ် ထောက်ခံသည့်ဘက်မှရော ကန့်ကွက်သည့်ဘက်မှပါ သီးသန့်ဆွေးနွေးငြင်းခုံမှုများ ရှိနေပြီး၊ အကောင်းဆုံးလုပ်ဆောင်မှုမှာ မည်သည်ဖြစ်မည်ကို အကြံပေးများနှင့် မဟာမိတ်များထံမှ သဘောထားတောင်းခံလျက်ရှိကြောင်း သတင်းရင်းမြစ်တစ်ခုက သတိပေးပြောဆိုထားသည်။
အစိုးရ၏ ထိပ်တန်းအမျိုးသားလုံခြုံရေးအရာရှိများသည် အီရန်အခြေအနေနှင့် ပတ်သက်၍ ဆွေးနွေးရန် အိမ်ဖြူတော်အရေးပေါ်အခြေအနေခန်းမ၌ ဗုဒ္ဓဟူးနေ့တွင် တွေ့ဆုံခဲ့ကြသည်။ ထို့ပြင် ထရမ့်သည် အထူးကိုယ်စားလှယ် စတိဗ်ဝစ်ကော့ဖ်နှင့် သားမက်ဖြစ်သူ ဂျရက်ကူရှ်နာတို့ထံမှလည်း ယမန်နေ့က ပြုလုပ်ခဲ့သည့် အီရန်နှင့် သွယ်ဝိုက်သော ဆွေးနွေးမှုများအကြောင်း အစီရင်ခံချက် ရယူခဲ့သည်။ သို့ရာတွင် ထရမ့်အနေဖြင့် သီတင်းပတ်ကုန်တွင် ဆုံးဖြတ်ချက် ချ၊ မချ ဆိုသည်မှာမူ ရှင်းလင်းစွာ မသိရသေးပေ။
“သူ(ထရမ့်) က ဒီကိစ္စကို စဉ်းစားဖို့ အချိန်အများကြီးယူနေပါတယ်” ဟု သတင်းရင်းမြစ်တစ်ခုက ပြောသည်။
အမေရိကန်က သီတင်းပတ်ကုန်တွင် တိုက်ခိုက်ရန် အသင့်ဖြစ်နေသည့်အကြောင်းကို CBS News က ဦးစွာသတင်းဖော်ပြခဲ့ခြင်း ဖြစ်သည်။
အီရန်နှင့် အမေရိကန်ညှိနှိုင်းရေးမှူးများသည် အင်္ဂါနေ့က ဂျီနီဗာမြို့တွင် ပြုလုပ်သည့် သွယ်ဝိုက်ဆွေးနွေးပွဲအတွင်း သုံးနာရီခွဲကြာ မှတ်စုများ ဖလှယ်ခဲ့ကြသော်လည်း ရှင်းလင်းသော အဖြေမရဘဲ ထွက်ခွာခဲ့ကြသည်။ အီရန်ဘက်မှ ထိပ်တန်းညှိနှိုင်းရေးမှူးက နှစ်ဖက်စလုံးအနေဖြင့် “လမ်းညွှန်အခြေခံမူများ” ကို သဘောတူညီခဲ့ကြသည်ဟု ဆိုသော်လည်း အမေရိကန်အရာရှိတစ်ဦးကမူ “ဆွေးနွေးဖို့ အသေးစိတ်အချက်အလက်တွေ အများကြီး ကျန်နေသေးတယ်” ဟု ဆိုသည်။
အိမ်ဖြူတော်သတင်းပြန်ကြားရေးအတွင်းရေးမှူး ကာရိုလင်းလီယာဗစ်က အီရန်အနေဖြင့် ၎င်းတို့၏ ညှိနှိုင်းလိုသည့် အနေအထားနှင့် ပတ်သက်၍ “လာမည့် သီတင်းပတ်အနည်းငယ်အတွင်း” ပိုမိုအသေးစိတ်တင်ပြရန် မျှော်လင့်ထားကြောင်း ဗုဒ္ဓဟူးနေ့တွင် ပြောကြားခဲ့သော်လည်း ထိုကာလအတွင်း ထရမ့်က စစ်ရေးအရ အရေးယူမှုကို ဆိုင်းငံ့ထားမည်လား ဆိုသည်ကိုမူ သူမက မပြောကြားခဲ့ပေ။
သို့ရာတွင်အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မာကိုရူဘီယိုကမူ အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ယာဟုနှင့် တွေ့ဆုံရန်နှင့် အီရန်ဆွေးနွေးပွဲအကြောင်း အခြေအနေများ ပြောပြရန် ဖေဖော်ဝါရီ ၂၈ ရက်တွင် အစ္စရေးသို့ သွားရောက်ဖွယ်ရှိကြောင်း နိုင်ငံခြားရေးဌာနအရာရှိတစ်ဦးက CNN သို့ ဗုဒ္ဓဟူးနေ့တွင် ပြောကြားခဲ့သည်။
“အမေရိကန်သမ္မတကိုယ်စား ကျွန်မကတော့ နောက်ဆုံးသတ်မှတ်ရက်ကို သတ်မှတ်ပေးမှာ မဟုတ်ပါဘူး” ဟု လီယာဗစ်က ဆိုသည်။
သူမက ဆက်လက်၍ “သံတမန်နည်းလမ်းက သူ(ထရမ့်) ရဲ့ ပထမဆုံးရွေးချယ်မှု အမြဲတမ်းဖြစ်နေပေမဲ့” စစ်ရေးအရ အရေးယူဆောင်ရွက်မှုကိုလည်း ထည့်သွင်းစဉ်းစားဆဲအဆင့်မှာ ရှိနေကြောင်း ထပ်လောင်းပြောကြားခဲ့သည်။