ရွှေတိဂုံစေတီတော်မြတ်ကြီးတွင် (၂၆၁၄)ခုနှစ်မြောက် ဗုဒ္ဓပူဇနိယ တပေါင်းပွဲတော်ကို၁၀ ရက်ကြာ ကျင်းပရန် စီစဉ်နေကြောင်း ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့မှ သိရသည်။
အဆိုပါ တပေါင်းပွဲတော်ကို လာမည့် ဖေဖော်ဝါရီလ ၂၁ ရက်မှ မတ်လ ၂ ရက်နေ့အထိ (၁၃၈၇ခုနှစ်၊ တပေါင်းလဆန်း ၆ ရက်မှ တပေါင်းလပြည့်နေ့အထိ) ၁၀ ရက်တိုင် ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
ပွဲတော်ကာလ ၁၀ ရက်အတွင်း ဗုဒ္ဓပူဇာ၊ ဓမ္မပူဇာ၊ သံဃပူဇာ ဟုဆိုအပ်သော ပူဇော်ခြင်းအမျိုးမျိုးတို့ဖြင့် ကျင်းပပူဇော်သွားမည်ဖြစ်ကြောင်း၊ ဗုဒ္ဓပူဇနိယ တပေါင်းပွဲတော် ဖွင့်ပွဲကိုလည်း လာမည့် ဖေဖော်ဝါရီ ၂၁ ရက်နေ့တွင် ကျင်းပပြုလုပ်မည်ဖြစ်ပြီး ယင်းနေ့ နံနက် ၉ နာရီမှ မတ်လ ၂ ရက် တပေါင်းလပြည့်နေ့ နံနက် ၉ နာရီအထိ သံဃာတော် ၁၂၀ ပါးတို့က နာရီပေါင်း ၂၁၆ နာရီတိုင်တိုင် အသံမစဲ မဟာပဋ္ဌာန်း ရွတ်ဖတ်ပူဇော်ကြ မည်ဖြစ်ကြောင်းလည်း သိရသည်။
မတ်လ ၁ ရက်နေ့ (အဖိတ်နေ့) ညနေ ၄ နာရီတွင်လည်း ဘုရားအမှူးပြုသော ရွှေတိဂုံစေတီတော် ဘဏ္ဍာတော်ထိန်း ဂေါပကအဖွဲ့၏ ဩဝါဒါစရိယဆရာတော်ကြီးများနှင့် ပင့်သံဃာ ၁၂၁ ပါး၊ သီလရှင် ၂၇ ပါး၊ စုစုပေါင်း ၁၄၈ ပါးတို့အား ရှေးဟောင်းဗုဒ္ဓရုပ်ပွားတော်များတန်ဆောင်းစုရပ်မှစ၍ ရင်ပြင်တော် လက်ယာရစ် တစ်ပတ် ဆွမ်းဆန်တော် လောင်းလှူခြင်း၊ တပေါင်းလပြည့်နေ့ဖြစ်သည့် မတ်လ ၂ ရက် နံနက် ၅ နာရီတွင် ရင်ပြင်တော်အောင်မြေ၌ ဆွမ်းတော်ကြီး ဆက်ကပ်လှူဒါန်းခြင်း၊ နံနက် ၉ နာရီတွင် ချမ်းသာကြီးတန်ဆောင်း၌ ဗုဒ္ဓပူဇနိယ တပေါင်းပွဲတော် ပိတ်ပွဲ(အောင်ပွဲ) နှင့် ရေစက်ချအခမ်းအနား ကျင်းပခြင်းများ ဆောင်ရွက်သွားမှာဖြစ်ကြောင်း သိရသည်။
