“ထိုက်သူပန်”အဆင့်မြင့် အဝေးပြေးခရီးသည်ပို့ဆောင်ရေးယာဥ်လိုင်းသစ်ဖွင့်ပွဲအထိမ်းအမှတ်အဖြစ် ဖေဖော်ဝါရီ ၁၃ ရက်ညနေ ၅ နာရီတွင် နေပြည်တော်မှ ရန်ကုန်မြို့သို့ထွက်ခွာမည့်ယာဥ်ဖြင့်လိုက်ပါမည့် ခရီးသွားများကို ခြုံစောင်များပေးဝေလှူဒါန်းခဲ့သည်။
” ဒီ “ထိုက်သူပန်”အဆင့်မြင့်ယာဥ်လိုင်းဖွင့်ပွဲအထိမ်း အမှတ်အဖြစ် ကားလက်မှတ်ဝယ်ရခက်တဲ့ အခုလို ရုံးရက်ရှည်ပိတ်ရက်မှာ ခရီးသွားတွေစိတ်ချမ်းချမ်းသာသာနဲ့သွားလို့ရအောင် ဖေဖော်ဝါရီ ၁၁ ရက်၊ ၁၂ ရက်နဲ့ ၁၃ ရက်တွေမှာ ယာဥ်စီးခအခမဲ့အနေနဲ့ပြေးဆွဲပေးပါတယ်။ ယာဥ်လိုင်းက ရန်ကုန်-နေပြည်တော်-မန္တလေး- လားရှိုး-မူဆယ်ပါ။ မူဆယ်/လားရှိုးကတော့လောလော ဆယ်ဆယ်မပြေးဆွဲနိုင်သေးပါဘူး”ဟု ယာဥ်လိုင်းတည်ထောင်သူ ဦးစိုးလှမြင့်ကပြောသည်။
ဖေဖော်ဝါရီ ၁၃ ရက်ညနေ ၅ နာရီတွင် နေပြည်တော်မှ ရန်ကုန်မြို့သို့ထွက်ခွာမည့် “ထိုက်သူပန်”အဆင့်မြင့်အဝေးပြေးခရီးသည်တင်ယာဥ်လိုင်းဖြင့်လိုက်ပါမည့် ခရီးသွား(၅၀)ဦးခန့်ကို ယာဥ်လိုင်းတည်ထောင်သူ ဦးစိုးလှမြင့်က ခြုံစောင်များကိုပေးဝေလှူဒါန်းခဲ့သည်။
ထို့ပြင် ယနေ့ ဖေဖော်ဝါရီ ၁၄ ရက်တွင်လည်း မန္တလေးမြို့မှ ရန်ကုန်မြို့သို့ထွက်ခွာမည့် “ထိုက်သူပန်”အဆင့်မြင့်အဝေးပြေးခရီးသည်တင်ယာဥ်လိုင်းဖြင့်လိုက်ပါမည့် ခရီးသွားများကိုလည်း ခြုံစောင်များပေးဝေလှူဒါန်းသွားမည်ဖြစ်သည်။
ထို့ပြင် အခမဲ့ပြေးဆွဲပေးခြင်းအစီအစဥ်ပြီး၏ ယနေ့ ဖေဖော်ဝါရီ ၁၄ ရက်မှစတင်ကာ ကားလက်မှတ်များကိုလည်း သက်ဆိုင်ရာ ကားဂိတ်အသီးသီးတွင်ဝယ်ယူနိုင်ကာ ဖုန်းဖြင့်လည်းဆက်သွယ်ဝယ်ယူရရှိနိုင်ပြီဖြစ် သည်။