ဗဟိုဘဏ်သည် ဘဏ်များအားဘဏ်လုပ်ငန်းလိုင်စင်ထုတ်ပေးထားပြီး ဥပဒေ၊ နည်းဥပဒေ၊ စည်းမျဉ်းစည်းကမ်း၊ ညွှန်ကြားချက်များနှင့်အညီ လိုက်နာဆောင်ရွက်ခြင်းရှိ/မရှိအား စောင့်ကြည့်ကြပ်မတ်ကွပ်ကဲလျက်ရှိသည်။
လက်ရှိအချိန်၌ ရုံးပိတ်ရက်ရှည်ဖြစ်သော ဖေဖော်ဝါရီ ၁၂ ရက်မှ ဖေဖော်ဝါရီ ၁၇ ရက်တွင် Internet Banking၊ Mobile Banking၊ Mobile Payment များဖြစ်သည့်ဒီဂျစ်တယ်ငွေပေးချေမှုများ၊ Card လုပ်ငန်းများ အဆင် ပြေစွာအသုံးပြုနိုင်ရေးအတွက် ဆောင်ရွက်ပေးရန်ညွှန်ကြားထားကြောင်းသိရသည်။
ထိုသို့ ဆောင်ရွက်ရာ၌ ATM တွင်ငွေလုံလောက်စွာ ထည့်သွင်းစေခြင်း၊ System Connection ပြတ်တောက်မှုမရှိစေရေး လိုအပ်သည့် နည်းပညာပိုင်းဆိုင်ရာအစီအမံများဆောင်ရွက်ထားရန် ဘဏ်များအားညွှန်ကြားထားသည်ဟု တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
ငွေပေးချေမှုလုပ်ငန်းများအဆင်ပြေစွာလည်ပတ်နိုင်ရေး၊ တည်ငြိမ်စေရေး၊ ဒီဂျစ်တယ်ငွေပေးချေမှုများတိုးတက်စေရေးတို့အတွက် ဒီဂျစ်တယ်ပေးချေမှု နည်းလမ်းများဖြစ်သည့် အီလက်ထရောနစ်ကတ်လုပ်ငန်း၊ ဘဏ်များ၏ မိုဘိုင်းဘဏ်လုပ်ငန်းနှင့် မိုဘိုင်း Pay များ၊ အင်တာနက်ဘဏ်လုပ်ငန်း၊ ရောင်းချသူကိုယ်စားငွေကောက်ခံရှင်းလင်းသည့် ဝန်ဆောင်မှုလုပ်ငန်း၊ မိုဘိုင်း Wallet များကိုလည်းယခုနောက်ပိုင်းတွင်ပိုမိုအားပေးခွင့်ပြုလာသည်ကိုတွေ့ရသည်။
တရားမဝင်ငွေကြေးဈေးကစားမှုများကြောင့် ကုန်ဈေး နှုန်းကြီးမြင့်ခြင်း၊ စီးပွားရေး၊ လူမှုရေးတည်ငြိမ်မှုများပျ-က်ပြားစေနိုင်ကာ ငွေကြေးတည်ငြိမ်မှုပျက်ပြားစေရန် ကောလဟာလသတင်းများထုတ်လွှင့်နေခြင်းကိုလည်းသတိထားရမည့်အချိန်ဖြစ်သည်။