AFC U-17 Asian Cup နောက်ဆုံးအဆင့်ပြိုင်ပွဲအတွက် မြန်မာ့လက်ရွေးစင် အမျိုးသား/သမီး ယူ-၁၇ အသင်းတို့ ယှဉ် ပြိုင်ရမည့် အုပ်စုအသင်းများစာရင်းကို ယမန်နေ့ ထုတ်ပြန် လာပြီဖြစ်သည်။
မြန်မာ့လက်ရွေးစင် ယူ-၁၇ အမျိုးသားအသင်းအနေဖြင့် အိ မ်ရှင် ဆော်ဒီအာရေဗီးယား၊ တာဂျစ်ကစ္စတန်နှင့် ထိုင်းအသင်းတို့နှင့် ကျရောက်နေသလို မြန်မာ့လက်ရွေးစင် ယူ-၁၇ အမျိုးသမီးအသင်းအနေဖြင့် အိမ်ရှင်တရုတ်အသင်း၊ ထိုင်းအသင်း၊ ဗီယက်နမ်အသင်းတို့နှင့် တစ်အုပ်စုတည်း ကျရောက်နေသည်။
လက်ရှိတွင် ပြိုင်ပွဲဝင်ရောက်မည့် မြန်မာ့လက်ရွေးစင် ယူ -၁၇ အမျိုးသား/ အမျိုးသမီးအသင်းတို့ကို AYA Training Center ၌ စခန်းသွင်းလေ့ကျင့်ပြင်ဆင်လျက်ရှိကြောင်း သိရသည်။
ပြိုင်ပွဲများကို လာမည့် ဧပြီ (၃၀) ရက်မှ မေ (၁၇) ရက်အထိ ကျင်းပပြုလုပ်သွားမည်ဖြစ်ပြီး အမျိုးသားအသင်းပြိုင်ပွဲတွင် အုပ်စု (၄) စုအနက် အုပ်စု ပထမနှင့် ဒုတိယ နှစ်သင်းစီ ကွာတားဖိုင်နယ် တက်ရောက်မည်ဖြစ်ကာ ကွာတားဖိုင်နယ်ရောက် (၈) သင်းစလုံး ယူ-၁၇ ကမ္ဘာ့ဖလား ပြိုင်ပွဲ ဝင်ခွင့်ရမည်ဖြစ်ကြောင်း သိရသည်။
အလားတူ အမျိုးသမီးအသင်းအနေဖြင့် အုပ်စု (၃) စုအနက် အုပ်စု ပထမ၊ ဒုတိယ၊ အသင်းအပြင် အကောင်းဆုံး အုပ်စု တတိယရ နှစ်သင်းမှာလည်း ကွာတားဖိုင်နယ်တက်ခွင့်ရမည်ဖြစ်သလို ဆီမီးဖိုင်နယ် တက်ရောက်နိုင်သည့် အသင်း (၄) သင်းက ကမ္ဘာ့ဖလားပြိုင်ပွဲဝင်ပြိုင်ခွင့်ရမည်ဖြစ်ကြောင်း သိရသည်။
