ယခုသီတင်းပတ်ကာလဖြစ်သည့် ဖေဖေါ်ဝါရီ (၁၃) ရက်မှ ဖေဖေါ်ဝါရီ (၁၉) ရက်နေ့အထိ ရောင်းချရမည့် ရန်ကုန်အထိုင်ဈေး စားအုန်းဆီအခြေခံလက်ကားရည်ညွှန်းဈေးသည် တစ်ပိသာ ကျပ်(၆၂၅၀) ဖြစ်ပြီး ပြီးခဲ့သည့် ဖေဖေါ်ဝါရီ ပထမအပတ်ကဈေးထက် အနည်းငယ်မြင့်တက်လာခြင်းဖြစ်ကြောင်း သိရသည်။
ပြီးခဲ့သည့် ဇန်နဝါရီ ဒုတိယအပတ် နှင့် တတိယအပတ်တို့တွင် ရောင်းချရမည့် ဈေးသည်လည်း တစ်ပိသာ ကျပ် (၆၁၅၀) ဖြစ်ပြီး ဖေဖေါ်ဝါရီလ ပထမအပတ်မှာလည်း တစ်ပိသာ ကျပ် (၆၁၅၀) ဖြစ်ကြောင်း သိရသည်။
စားအုန်းဆီ အခြေခံလက်ကားရည်ညွှန်းဈေးနှုန်းကို အပတ်စဉ် သောကြာနေ့တိုင်ထုတ်ပြန်မည်ဖြစ်ပြီး စားသုံးသူပြည်သူများအနေဖြင့် စားသုံးသူရေးရာဦးစီးဌာန၏ ဝက်ဆိုဒ်တွင် ဝင်ရောက်လေ့လာနိုင်ကြောင်း သိရသည်။
စားအုန်းဆီများကို ဈေးကွက်အတွင်း ထုတ်ပြန်ကြေညာထားသည့် စျေးနှုန်းထက် ဈေးနှုန်းမြှင့်တင်ရောင်းချခြင်း၊ ဈေးကစားရန်ရည်ရွယ်ချက်ဖြင့် သိုလှောင်ခြင်းအပါအဝင် မသမာသည့်လုပ်ဆောင်မှုများပြုလုပ်ပါက အရေးကြီးကုန်စည်နှင့်ဝန်ဆောင်မှုဥပဒေအရ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း စားသုံးသူရေးရာဦးစီးဌာနမှ အသိပေးထားသည်။
