မြန်မာနိုင်ငံလုံးဆိုင်ရာစွန်ဝါသနာရှင်များအဖွဲဲ့မှ ကြီးမှူးကျင်းပပြုလုပ်သော စွန်ဖြတ်ပြိုင်ပွဲကို ရန်ကုန်တိုင်းဒေသကြီး ဒဂုံဆိပ်ကမ်းမြို့နယ် ကျီစုသုဿန်ရှေ့ပြိုင်ပွဲကွင်းတွင် ဖေဖော်ဝါရီလ ၁၂ရက်နေ့(ပြည်ထောင်စုနေ့)အထိမ်းအမှတ်အဖြစ် ကျင်းပခဲ့ကြောင်းသိရသည်။
” အဖွဲ့အနေနဲ့ ခုလိုပြိုင်ပွဲတွေလုပ်လာတာ ၁၈ကြိမ်ရှိပြီ။ နိင်ငံတော်ကလည်း တစ်ဘက်တစ်လမ်းထောက်ပံ့တာတော့ ရှိပါတယ်။ခုလိုလုပ်တယ်ဆိုတာလည်းအားကစားတစ်ရပ် အနေနဲ့ပုံဖော်ပြီး လုပ်ဆောင်တာပါ၊အားကစားတစ်ရပ်အနေနဲ့ ဦးတည်ကျင်းပတာဖြစ်လို့ ခုဆိုတော်တော်လေးအောင်မြင်လာတာတွေ့ရပါတယ်” ဟု ပွဲကျင်းပရေးကော်မတီဝင် ဦးသန်းစိုးက ပြောသည်။
အဆိုပါပြိုင်ပွဲကို လေသာမိုးသာဖြစ်မည့်လမှသာ ရွေးချယ်ကျင်းပရခြင်းဖြစ်ပြီး ပြည်ထောင်စုနေ့အထိမ်းအမှတ်အဖြစ် ရက်ရွေးချယ်ကျင်းပခဲ့ခြင်းဖြစ်ကာ ပြိုင်ပွဲရက်အဖြင့် ၄ ရက်အထိကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါပြိုင်ပွဲကို တစ်နိုင်ငံလုံးရှိ စွန်ဝါသနာရှင်အဖွဲ့ပေါင်း ၃၀၀ ကျော် လာရောက် ယှဥ်ပြိုင်ကြပြီး ပြိုင်ပွဲဝင်အဖွဲ့များ၏ နေရေးစားရေးကို စွန်ဝါသနာရှင်သူဌေးများက အကုန်အကျခံ စီစဥ်ဆောင်ရွက်ပေးခဲ့ကြောင်း ပြိုင်ပွဲဝင်များထံမှ သိရသည်။