၂၀၂၄ ခုနှစ်တွင် ဂျန်ဇီး တို့ဦးဆောင်သော အုံကြွမှုဖြင့် သက်တော်ရှည်ဝန်ကြီးချုပ် ရှိတ်ဟာစီနာကို ရာထူးမှဖြုတ်ချခဲ့ပြီးနောက် ဒီမိုကရေစီသို့ ပြန်သွားခြင်းဟု လူအများကဆိုကြသော ရွေးကောက်ပွဲအတွက် ဖေဖော်ဝါရီလ ၁၂ ရက် နေ့တွင် ဘင်္ဂလားဒေ့ရှ်ပြည်သူများသည် မဲရုံများ၏အပြင်ဘက်တွင် တန်းစီကာ စတင်မဲပေးနေကြပြီဖြစ်သည်။
ဟာစီနာဆန့်ကျင်ရေး ဆန္ဒပြပွဲများသည် လပေါင်းများစွာမငြိမ်သက်မှုများကိုဖြစ်စေခဲ့ပြီး ကမ္ဘာ့ဒုတိယအကြီးဆုံးတင်ပို့သူဖြစ်သော အထည်ချုပ်ကဏ္ဍအပါအဝင် အဓိကစက်မှုလုပ်ငန်းများကို ထိခိုက်စေခဲ့သောကြောင့် လူဦးရေ ၁၇၅ သန်းရှိသော နိုင်ငံတွင် တည်ငြိမ်သောအစိုးရတစ်ရပ်ပေါ်ပေါက်ရေးအတွက် အဆုံးအဖြတ်ပြတ်သားသော ရလဒ်သည် အရေးကြီးကြောင်း လေ့လာသူများက ပြောကြားလျှက်ရှိကြသည်။
အသက် ၃၀ နှစ်အောက် သို့မဟုတ် ဂျန်ဇီးများ၏ တော်လှန်ရေးအပြီး ပေါ်ပေါက်လာသော ကမ္ဘာ့ပထမဆုံး ရွေးကောက်ပွဲဖြစ်ပြီး ယင်းနောက်တွင် မတ်လ၌ နီပေါရွေးကောက်ပွဲများ ကျင်းပမည်ဖြစ်သည်။
ယခင်မဟာမိတ်ဟောင်းများဖြစ်သည့် ဘင်္ဂလားဒေ့ရှ် နေရှင်နယ်လစ်ပါတီ(ဘီအင်န်ပီ) နှင့် အစ္စလာမ်မစ်ပါတီဖြစ်သော ဂျမတ်အီးအစ္စလာမ်မီ တို့ဦးဆောင်သော ညွန့်ပေါင်းအဖွဲ့နှစ်ခု ယှဉ်ပြိုင်မည်ဖြစ်ပြီး သဘောထားစစ်တမ်းများအရမူ ဘီအင်န်ပီ ပါတီက အားသာနေသည်။
မြို့တော်ဒါကာတွင် မဲရုံများမဖွင့်မီ ဒေသစံတော်ချိန် နံနက် ၇း၃၀ နာရီမှစ၍ မဲရုံများ၏အပြင်ဘက်တွင် လူများတန်းစီစောင့်ဆိုင်းခဲ့ကြသည်။
ယခုတစ်ကြိမ်ရွေးကောက်ပွဲတွင် တစ်သီးပုဂ္ဂလကိုယ်စားလှယ်လောင်းများစွာအပါအဝင် ကိုယ်စားလှယ်လောင်း ၂,၀၀၀ ကျော်သည် Jatiya Sangsad သို့မဟုတ် လွှတ်တော်နေရာ ၃၀၀ အတွက် ယှဉ်ပြိုင်ကြခြင်းဖြစ်သည်။
ရွေးကောက်ပွဲတွင် ပါတီပေါင်း ၅၀ ခန့် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး စံချိန်တင်အရေအတွက်ဖြစ်ကြောင်း သိရသည်။
Ref: သယ်စထရိတ်တိုင်းမ်စ်
