Naypyitaw State Academy ၏ဘွဲ့နှင်းသဘင်ခန်းမ အဆောက်အအုံဒီဇိုင်းများကို မဲစနစ်ဖြင့်ကျောင်းသား၊ ကျောင်းသူများကိုယ်တိုင်ရွေးချယ်စေခဲ့ခြင်းဖြစ်သည်ဟု နိုင်ငံတော် ယာယီသမ္မတ၊ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောသည်။
နိုင်ငံတော် ယာယီသမ္မတမှ ယနေ့ ဖေဖော်ဝါရီ ၁၀ ရက်နံနက်ပိုင်းက နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ်ရှိ Naypyitaw State Academy ၏(ဘွဲ့နှင်းသဘင်ခန်းမ) ဘက်စုံသုံးခန်းမဖွင့်ပွဲတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။
ယခုဘွဲ့နှင်းသဘင်ခန်းမအဆောက်အအုံဒီဇိုင်းများကို မဲစနစ်ဖြင့် ကျောင်းသား၊ ကျောင်းသူများကိုယ်တိုင်ရွေး ချယ်စေခဲ့ပြီး ရွေးချယ်မှုမဲအများဆုံးရရှိသည့် ဒီဇိုင်းဖြင့်တည်ဆောက်ခဲ့ခြင်းသည် ဘွဲ့နှင်းသဘင်ခန်းမကြီး ၏ထူးခြားချက်ဖြစ်ကာ ထိုသို့ ဆောင်ရွက်မှုများမှတစ် ဆင့် လူငယ်များ၏ပါဝင်မှုအခန်းကဏ္ဍကိုမြှင့်တင်ပေးရန်နှင့် ဒီမိုကရေစီအလေ့အကျင့်ကောင်းများရရှိအောင် လေ့ကျင့်ပေးကြစေလိုသည်ဟု ပြောသည်။
” အခုဆိုရင် ဒီဘွဲ့နှင်းသဘင်ခန်းမမှာ ဘွဲ့ရကျောင်း သား(၂၃၀)ယောက်ကို မကြာမှီမှာ ပထမအကြိမ်အဖြစ် ဘွဲ့အပ်နှင်းချီးမြှင့်ပေးနိုင်တော့မှာပါ။ ဘွဲ့နှင်းသဘင်ခန်းမဆိုတာ ပညာသင်ယူမှုခရီးလမ်းရဲ့ အောင်မြင်မှုမှတ်တိုင်အဖြစ် တက္ကသိုလ်ပညာရေးအဆင့်တစ်ခုပြီး မြောက်ကြောင်း အသိအမှတ်ပြုဘွဲ့လက်မှတ်တွေအပ် နှင်းချီးမြှင့်တဲ့ ထွတ်မြတ်တဲ့နေရာမွန်ဖြစ်ပါတယ်” နိုင် ငံတော် ယာယီသမ္မတက ပြောသည်။
ထို့ပြင် ဘွဲ့နှင်းသဘင်ခန်းမသည် တက္ကသိုလ်တစ်ခု၏ ဂုဏ်သိက္ခာကြီးမြတ်မှု၊ ပညာဂုဏ်သတင်းကျော်ဇောမှု၊ သမိုင်းအစဉ်အလာကောင်းမွန်မှုများကို ကမ္ဗည်းမော်ကွန်းတင်ရာ ကျက်သရေမင်္ဂလာရှိသည့်ဗိမာန်တစ်ခုလည်းဖြစ်သည်ဟု ပြောသည်။
ထို့အတူ Naypyitaw State Academy သည် နိုင်ငံ တော်၏ လူမှုစီးပွားဘဝမြင့်မားရေးကိုဖော်ဆောင်ပေးနိုင်မည့်၊ ပညာရှင်များမွေးထုတ်ပေးနိုင်မည့် ဦးဆောင်တက္ကသိုလ်တစ်ခုဖြစ်ကာ ပညာကို အထွတ်အမြတ်ထားဦးထိပ်ပန်ဆင်ပြီး ပညာအမွေကိုလက်ဆင့်ကမ်း ဖြန့်ဝေပေးနေသော တက္ကသီလာတစ်ခုဖြစ်သည်ဟု နိုင်ငံတော် ယာယီသမ္မတက ပြောကြားခဲ့သည်။
