ဒီဝါဆိုင်ကလုန်းမုန်တိုင်းဒ-ဏ် ထိခိုက်ခံစားခဲ့ရသည့် သီရိလင်္ကာနိုင်ငံပြည်သူများအတွက် မြန်မာနိုင်ငံက လှုဒါန်းသည့် ဆန်တန်ချိန် (၅၀၀) ၊ အိတ် ၁၀,၀၀၀ ကို ယနေ့ ဖေဖေါ်ဝါရီ ၉ ရက်နေ့၌ လွှဲပြောင်းပေးအပ်ခဲ့ကြောင်း နိုင်ငံခြားရေးဝန်ကြီး ဌာနက အသိပေးထုတ်ပြန်ချက်အရ သိရသည်။
အဆိုပါ ဆန်တန်ချိန် ၅၀၀ ကို သီရိလင်္ကာနိုင်ငံ ကိုလံဘိုဆိပ်ကမ်း၌ လွှဲပြောင်းပေးအပ်ခဲ့ပြီး မြန်မာသံအမတ်ကြီး ဒေါ်မာလာသန်းထိုက်က သီရိလင်္ကာကုန်သွယ်ရေး၊ ကူးသန်းရောင်းဝယ်ရေး၊ စားနပ်ရိက္ခာဖူလုံရေးနှင့် သမဝါယမဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီး မစ္စတာဝါဆန်သာ ဆာမာရာဆင်ဟဲထံသို့ ဆန်အိတ်များ လွှဲပြောင်းပေးအပ်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
သီရိလင်္ကာကုန်သွယ်ရေး၊ ကူးသန်းရောင်းဝယ်ရေး၊ စားနပ် ရိက္ခာဖူလုံရေးနှင့် သမဝါယမဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီးက မြန်မာနိုင်ငံမှ ဆန်လှူဒါန်းမှုအား ကျေးဇူးတင်ရှိကြောင်းနှင့် နှစ်နိုင်ငံဆက်လက်ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်းလည်း ပြောကြားခဲ့ကြောင်း သိရသည်။
အဆိုပါ အခမ်းအနားသို့ သီရိလင်္ကာနိုင်ငံခြားရေး၊ ပြည်ပအလုပ်အကိုင်ရေးရာနှင့် ခရီးသွားလာရေး ဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် မစ္စချာမာရီ ရိုဒီရေဂို၊ သီရိလင်္ကာဘေးအန္တရာယ်စီမံခန့်ခွဲရေး စင်တာနှင့် ဆိပ်ကမ်းအာဏာပိုင်မှ တာဝန်ရှိသူများနှင့် မြန်မာသံရုံး၊ ကိုလံဘိုမြို့မှ ဝန်ထမ်းများ တက်ရောက်ခဲ့ခြင်းလည်း ဖြစ်သည်။
