နိုင်ငံ့ဝန်ထမ်းများအနေဖြင့် နိုင်ငံရေးနှင့် နိုင်ငံ့အရေးကို ခွဲခြားစွာသိမြင်ကာ နိုင်ငံတော်တာဝန်များကိုထမ်းဆောင်ရမည်ဟု တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်မှ ယနေ့ ဖေဖော်ဝါရီ ၃ ရက်က နိုင်ငံတော်ကာကွယ်ရေးတက္ကသိုလ်မှ နည်းပြအရာရှိကြီးများနှင့် သင်တန်းသားအရာရှိကြီးများအားအမှာစကားပြောကြားစဥ် ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။
နိုင်ငံ့ဝန်ထမ်းများအနေဖြင့် တိုင်းချစ်ပြည်ချစ်စိတ်များရှိရန်လိုကာ သမိုင်းကြောင်းအရ နိုင်ငံ့ဝန်ထမ်းအချို့၏ စီးပွားရေး၊ နိုင်ငံရေးတို့နှင့်ပတ်သက်၍ မသမာမှုများဆောင်ရွက်ခဲ့ကြခြင်းသည် တိုင်းချစ်ပြည်ချစ်စိတ်များ အားနည်းခြင်းကြောင့်ဖြစ်သည်ဟု ပြောသည်။
ထို့ပြင် ဝန်ထမ်းများအနေဖြင့် ပါတီနိုင်ငံရေးကင်းရှင်းရန် ဖွဲ့စည်းပုံအခြေခံဥပဒေ၌ပြဋ္ဌာန်းထားပြီးဖြစ်ကာ ပုလဂ္ဂိုလ်စွဲ၊ ပါတီစွဲ၊ အဖွဲ့အစည်းစွဲများနှင့် နိုင်ငံ့ဝန်ထမ်းဆောင်ရွက်ပါက Good Governance ၊Good Goverment မဖြစ်နိုင်ကြောင်း ၊နိုင်ငံ့ဝန်ထမ်းများအနေဖြင့် ပါတီနိုင်ငံရေးကင်းရှင်းရမည်ဖြစ်ပြီး နိုင်ငံရေးနှင့် နိုင်ငံ့အရေးကို ခွဲ ခြားစွာသိမြင်ကာ နိုင်ငံတော်တာဝန်များကို ထမ်းဆောင်ရမည်ဟု ပြောသည်။
ထို့အတူ မိမိတို့ ၂၀၂၁ ခုနှစ် စတင်တာဝန်ထမ်းဆောင် ခဲ့ရချိန်တွင် ဝန်ထမ်းအများစုလုပ်ငန်းခွင်စွန့်ခွာမှုများ လုပ်ဆောင်ခဲ့ကြသည့် အခက်အခဲ၊ နိုင်ငံရေးအရဖြစ်ပေါ်လာသည့် ပဋိပက္ခများနှင့် ကိုဗစ်-၁၉ ရောဂါအပါ အဝင် သဘာဝဘေးကြုံတွေ့ရမှုအကြပ်အတည်းများကြားမှလက်ရှိအခြေအနေအထိ နိုင်ငံတော်ကို တည် ဆောက်ခဲ့ရခြင်းဖြစ်၍ နိုင်ငံသားများနှင့် နိုင်ငံ့ဝန်ထမ်းများ၏ တိုင်းချစ်ပြည်ချစ်စိတ်များကို တည်ဆောက် ပေးရမည်ဟု ပြောသည်။
ထို့ပြင် လူပုဂ္ဂိုလ်ကိုအစွဲပြု၍ တိုင်းချစ်ပြည်ချစ်စိတ်ရှိခြင်းထက် နိုင်ငံအပေါ်အစွဲပြု၍ နိုင်ငံသားတိုင်းမှန်မှန်ကန်ကန်ဖြင့် တိုင်းချစ်ပြည်ချစ်စိတ်များရှိရန်လိုကာ နိုင်ငံသားတိုင်းအနေဖြင့် နိုင်ငံတော်၏ဖြစ်တည်မှုပထ ဝီဝင်အနေအထားများနှင့် အမျိုးသားရေးစရိုက်လက္ခ ဏာများ၊ နိုင်ငံတော်နှင့်သက်ဆိုင်သည့် အမျိုးသားရေးလက္ခဏာများ၊ အထိမ်းအမှတ်တံဆိပ်များ၊ နိုင်ငံတော် အလံ၊ နိုင်ငံတော်သီချင်းတို့အပါအဝင် အထွတ်အ မြတ်ထားရမည်များကို လေးစားတန်ဖိုးထားချစ်မြတ် နိုးရန်လိုသည်ဟု ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောသည်။
