အာဆီယံ အပေါင်း ၃ (တရုတ်၊ဂျပန်၊ကိုးရီးယား) ခရီးသွားလုပ်ငန်း ပူးပေါင်းဆောင်ရွက်ရေးလုပ်ငန်း အစီအစဉ်များကို အတည်ပြု
ဖိလစ်ပိုင်နိုင်ငံ၊ စီဘူးမြို့တွင် ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၂၉ ရက်မှ ၃၀ ရက်နေ့ထိ ကျင်းပသည့် (၂၉) ကြိမ်မြောက် အာဆီယံခရီးသွားလုပ်ငန်း ဝန်ကြီးများ အစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးများကို မနီလာမြို့ မြန်မာသံရုံးမှ သံရုံး ယာယီတာဝန်ခံ ဦးစိုးကိုကို ဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့အနေဖြင့် ပါဝင်တက်ရောက်ခဲ့ကြောင်း သိရသည်။
ထို့အတူ (၂၅) ကြိမ်မြောက် အာဆီယံအပေါင်း ၃ (တရုတ်၊ ဂျပန်နှင့် ကိုရီးယား) ခရီးသွားလုပ်ငန်းဝန်ကြီးများ အစည်းအဝေး၊ (၁၃) ကြိမ်မြောက် အာဆီယံ-အိန္ဒိယ ခရီးသွားလုပ်ငန်းဝန်ကြီးများ အစည်းအဝေး၊ (၅) ကြိမ်မြောက် အာဆီယံ-ရုရှား ခရီးသွားလုပ်ငန်းဝန်ကြီးများ အစည်းအဝေးများကိုလည်းတက်ရောက်ခဲ့ခြင်း ဖြစ်သည်။
၂၀၂၅ ခုနှစ်က ချမှတ်ခဲ့သည့် အာဆီယံခေါင်းဆောင်များ၏ အရည်အသွေးပြည့်ဝသော ခရီးသွားလာရေးဆိုင်ရာ ကြေညာချက်နှင့်အညီ ရေရှည်တည်တံခိုင်မြဲပြီး၊ အားလုံးပါဝင်သည့် အရည်အသွေးမြင့် ခရီးသွားလုပ်ငန်း ပိုမိုမြှင့်တင်ရေး အရေးပါပုံတို့ကို ဆွေးနွေးခဲ့ကြောင်း သိရသည်။
ထို့အတူ အစည်းအဝေးများမှ တဆင့် အာဆီယံခရီးသွားလုပ်ငန်း စီမံကိန်း (၂၀၂၆-၂၀၃၀) ၊ အာဆီယံခရီးသွားလုပ်ငန်း ဈေးကွက်မြှင့်တင်ရေး စီမံကိန်း (၂၀၂၆-၂၀၃၀) ၊ အာဆီယံအပေါင်း တရုတ်၊ ဂျပန်၊ ကိုရီးယား ခရီးသွားလုပ်ငန်း ပူးပေါင်းဆောင်ရွက်ရေးလုပ်ငန်းအစီအစဉ် (၂၀၂၆-၂၀၃၀) ၊ အာဆီယံ-ရုရှား ဖက်ဒရေးရှင်း၊ အာဆီယံ-အိန္ဒိယခရီးသွားလုပ်ငန်း ပူးပေါင်းဆောင်ရွက်ရေးလုပ်ငန်း အစီအစဉ် (၂၀၂၆-၂၀၃၀) တို့ကို အတည်ပြုခဲ့ခြင်းဖြစ်သည်။
ထို့ပြင် အာဆီယံ ခရီးသွားလုပ်ငန်းစံနှုန်း ဆုပေးအပ်ပွဲ အခမ်းအနားသို့လည်း တက်ရောက်ခဲ့ပြီး၊ မြန်မာနိုင်ငံမှ ဟိုတယ် (၂၄) ခုမှ ကဏ္ဍအသီးသီးအလိုက် ဆုများရရှိခဲ့ကြောင်းလည်း သိရသည်။
