ပြည်တွင်းမှထွက်ရှိသည့် မြန်မာ့ပျားရည်ကို ဂျပန်နှင့်ထိုင်းသို့ အများဆုံးတင်ပို့ထားကြောင်း မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန၊ ပျားမွေးမြူမှုဖွံ့ဖြိုးရေးဌာနခွဲမှ သိရသည်။
ထို့ပြင် ပျားရည်တင်ပို့မှုအနေဖြင့် ယခုဘဏ္ဍာနှစ်၏ ဧပြီလမှ နိုဝင်ဘာလအထိ ရှစ်လတာကာလအတွင်း ပြည်ပသို့ ပျားရည် မက်ထရစ်တန်ချိန် ၈၀၀ ကျော်တင်ပို့ထားကြောင်း သိရသည်။
ပျားရည်ကို ပြည်တွင်း၌ စားသုံးခြင်းနှင့် ဆေးဝါးထုတ်လုပ်သည့် လုပ်ငန်းများတွင် အသုံးပြုလျက်ရှိသည့်အပြင် နှစ်စဉ် ပြည်ပနိုင်ငံများသို့လည်း တင်ပို့လျက်ရှိကြောင်း သိရသည်။
ပျားရည်ကို ပုံမှန်ကုန်သွယ်ရေးလမ်းကြောင်းမှ ၈၃၆.၉၅ တန်နှင့် နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းမှ ၁.၂၉ တန် တင်ပို့ခဲ့ပြီး ရှစ်လတာကာလအတွင်း ပျားရည်စုစုပေါင်း မက်ထရစ်တန် ၈၃၈.၂၄ တန် တင်ပို့နိုင်ခဲ့ကာ အမေရိကန်ဒေါ်လာ ၁.၂၅၇ သန်း ရရှိခဲ့ကြောင်း သိရသည်။
မန္တလေးတိုင်း၊ စစ်ကိုင်းတိုင်း၊ မကွေးတိုင်းနှင့် ရှမ်းပြည်နယ်တို့တွင် ပျားရည်အများဆုံးထွက်ရှိပြီး ရန်ကုန်တိုင်း၊ ပဲခူးတိုင်း၊ ကယားပြည်နယ်နှင့် ကရင်ပြည်နယ်တို့တွင်လည်း အနည်းငယ် ထွက်ရှိပြီး ဆီးပျားရည်၊ ပန်းနှမ်းပျားရည်၊ နေကြာပျားရည်၊ ပန်းပေါင်းစုံပျားရည်၊ ရော်ဘာပျားရည်နှင့် နှမ်းပျားရည်တို့ ထွက်ရှိကြောင်း သိရသည်။
