မကွေးတိုင်းဒေသကြီး၊ မင်းဘူးမြို့တွင် ရခိုင်ပြည်နယ်သို့ ပို့ဆောင်မည် ကျပ် (၃၇) ဘီလီယံကျော် တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား ၁၄ သန်းကို ဒီဇင်ဘာလအတွင်းက ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ဒီဇင်ဘာ ၂၄ ရက် ညနေ ၅ နာရီတွင် သတင်းအရ မင်းဘူးမြို့ ကန်ရေကျေးရွာအနီးတွင် အောင်ဇင်ဝင်း (ခ) ဖိုးခွား မောင်းနှင်ပြီး မောင်မောင်သန့်လိုက်ပါလာသည့် CANTER ခြောက်ဘီးယာဉ်ပေါ်မှ စိတ်ကြွ ရူးသွပ်ဆေးပြား ၁၄ ဒသမ ၉၈၆၂ သန်း (ဒေသတန်ဖိုးငွေ ကျပ် ၃၇ ဒသမ ၄၆၅၅ ဘီလီယံ) ကို ဖမ်းဆီးရမိခဲ့ခြင်းလည်း ဖြစ်သည်။
ထို့နောက် ဆက်စပ်ဖော်ထုတ်ချက်များအရ စိတ်ကြွရူးသွပ်ဆေးပြားများကို သယ်ဆောင်ပေးနေသည့် နေမျိုးအောင်နှင့် ၎င်း၏ဇနီး မညိုညိုသက်တို့နှစ်ဦးကို မကွေးမြို့နတ်မောက်လမ်းရှိ မကွေးဟိုတယ်တွင် SUPER CUSTOM ယာဉ်တစ်စီးနှင့်အတူ ဆက်လက်ဖမ်းဆီးရမိခဲ့ခြင်းလည်း ဖြစ်သည်။
ထို့ပြင် အောင်မြေသာစံမြိုနယ် ပြည်ကြီးရန်လုံရပ်ကွက်ရှိ ၎င်းတို၏နေအိမ်မှ မူးယစ်ဆေးဝါး သယ်ဆောင်ရာတွင် အသုံးပြုသည့် HYUNDAI STAREX ယာဉ်တစ်စီးအား ထပ်မံသိမ်းဆည်းရမိခဲ့ခြင်းလည်း ဖြစ်ပြီး ဖမ်းဆီးရမိစိတ်ကြွရူးသွပ်ဆေးပြားများ သယ်ဆောင်ခိုင်းသူမှာ စစ်ကိုင်းမြို့နယ် ဆည်လေးကျေးရွာနေ မင်းမင်း (ဖမ်းဆီးရန်ကျန်) ဖြစ်ပြီး စစ်ကိုင်းမြိုနယ်မှ မင်းတုန်းမြို့သို့လည်းကောင်း၊ မင်းတုန်းမြို့မှတစ်ဆင့် ရခိုင်ပြည်နယ်သို့လည်းကောင်း ဆက်လက်သယ်ဆောင်ရောင်းဝယ်ခြင်းဖြစ်ကြောင်း သိရသည်။
လက်ရှိ ကွင်းဆက် ပြစ်မှုကျူးလွန်သူများအား ဆက်လက်ဖော်ထုတ်လျက်ရှိကြောင်းနှင့် ၎င်းတို့၏ မူးယစ်ဆေးဝါး သယ်ဆောင်ရောင်းဝယ်ရာမှရရှိသည့် ငွေကြေးအကျိုးအမြတ်များ၊ ပိုင်ဆိုင်မှုများကို ပြည်သူ့ဘဏ္ဍာအဖြစ် သိမ်းဆည်းနိုင်ရေးအတွက် ငွေကြေးခဝါချမှုတို-က်ဖျ-က်ရေးဥပဒေဖြင့် ဆက်လက်အရေးယူ ဆောင်ရွက်နေကြောင်း သိရသည်။
