ဒီဇင်ဘာ (၂၈) ရက်နေ့တွင် ကျင်းပပြုလုပ်ခဲ့သည့် ရွေးကောက်ပွဲ အပိုင်း (၁) ၌ ပြည်သူ့ရှေ့ဆောင်ပါတီ ရှုံးနိမ့်ခဲ့ကြောင်း အဆိုပါ ပါတီမှ သိရသည်။
လက်ရှိ မဲရလဒ်အခြေအနေအရ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (USDP) မှ အနိုင်ရရှိနေကြောင်းလည်း သိရသည်။
“ကျွန်တော်တို့ မနိုင်ပါဘူးဗျ တစ်နေရာမှ။ အပိုင်း (၁) ရဲ့အတွေ့အကြုံကိုယူပြီး အပိုင်း (၂) နဲ့ (၃) မှာ ဒီထက်ကောင်းအောင် ကြိုးစားဖို့အတွက် ဆောင်ရွက်နေပါတယ်။ တခြားတိုင်းတွေမှာလည်း မနိုင်ပါဘူးခင်ဗျ။ USDP ပဲနိုင်တဲ့သဘောမှာရှိတယ်လို့ ကြားပါတယ်။ ၉၅ ရာခိုင်နှုန်းက USDP ပဲနိုင်တယ်လို့ ကြားတယ်။ တချို့နေရာတွေမှာ ကျားဖြူနိုင်တယ်လို့ ကြားတယ်။ တစ်နေရာနှစ်နေရာ အဲဒီလိုတော့ကြားတယ်” ဟု ပြည်သူ့ရှေ့ဆောင်ပါတီ ဗဟို ဒုတိယဥက္ကဌ (၂) ဦးစောဟန်အေးက ပေါ်ပြူလာနယူးစ်သို့ ပြောသည်။
၎င်းတို့အနေဖြင့် မဲရုံအားလုံးတွင် မဲစောင့်များ မထားနိုင်ပဲ ကိုယ်စားလှယ်လောင်းများကသာ မဲရုံတွေကို လိုက်ကြည့်ရကြောင်း သိရသည်။
ထို့ကြောင့် လာမည့် အပိုင်း (၂) နှင့် (၃) တွင် သင်တန်းပေးပြီး မဲရုံကိုယ်စားလှယ်များ ထားရှိသွားမည်ဖြစ်ကြောင်း သိရသည်။
“အပိုင်း (၂) နဲ့ (၃) ကိုတတ်နိုင်သလောက် မဲရုံကိုယ်စားလှယ်တွေ သင်တန်းပေးပြီး ထားဖို့စီစဉ်နေပါတယ်။ ဒါပေမယ့် သက်ဆိုင်ရာမြို့နယ်တွေရဲ့ မဲစာရင်းတွေမှာ ပါတဲ့သူဖြစ်ရမယ်။ သက်ဆိုင်ရာမြို့နယ်မဲစာရင်းတွေမှာ ပါတဲ့ကလေးတွေကလည်း လုပ်ပေးချင်တယ်” ဟု ၎င်းကဆက်လက်ပြောကြားခဲ့သည်။
