ဟိုတယ်နှင့်ခရီးသွားလုပ်ငန်းဆိုင်ရာ ပုဂ္ဂလိကအသင်းအဖွဲ့များအချင်းချင်း နားလည်မှုစာချွန်လွှာများ ရေးထိုးဆောင်ရွက်ရေးနှင့် နှစ်နိုင်ငံခရီးသွားလုပ်ငန်းများ မြှင့်တင်ရေးအတွက် ဆွေးနွေး
(၄)ကြိမ်မြောက် ကမ္ဘောဒီးယား-မြန်မာခရီးသွားလုပ်ငန်းအဖွဲ့အစည်းအဝေး၊ အစားအစာပြပွဲ နှင့် ကုန်းလမ်းနှင့် နယ်စပ်ဖြတ်ကျော် ခရီးသွားလုပ်ငန်းလွယ်ကူချောမွေ့စေရေးဆိုင်ရာဆွေးနွေးပွဲကို ကမ္ဘောဒီးယားနိုင်ငံ၊ ဖနွမ်းပင်မြို့၌ ဒီဇင်ဘာ(၁၃)ရက်နေ့မှ (၁၆)ရက်ထိ ကျင်းပခဲ့ကြောင်း သိရသည်။
အဆိုပါ အစည်းအဝေးကို ကမ္ဘောဒီးယားနိုင်ငံမှ ခရီးသွားလုပ်ငန်းဝန်ကြီးဌာနနှင့်ဆက်စပ်ဝန်ကြီးဌာနမှ ကိုယ်စားလှယ်များ၊ ပုဂ္ဂလိကခရီးသွားလုပ်ငန်းအသင်းအဖွဲ့များမှ ကိုယ်စားလှယ်များ ပါဝင်တက်ရောက်ခဲ့ပြီး မြန်မာနိုင်ငံ၊ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းအဖွဲ့ချုပ်၊ မြန်မာနိုင်ငံဟိုတယ်ဆိုင်ရာလုပ်ငန်းရှင်များအသင်းနှင့် မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းရှင်များအသင်းများမှ ကိုယ်စားလှယ်များ ပါဝင်တက်ရောက်ခဲ့ကြောင်း သိရသည်။
အဆိုပါအစည်းအဝေးတွင် သက်ဆိုင်ရာနိုင်ငံအလိုက် ခရီးသွားဧည့်သည်ဝင်ရောက်မှုများ အပါ အဝင် ခရီးသွားလုပ်ငန်းဆိုင်ရာသတင်းအချက်များ၊ မူဝါဒများနှင့် မဟာဗျူဟာများ အပြန်အလှန် ဖလှယ်ခြင်း၊ ကမ္ဘောဒီးယား-မြန်မာ နှစ်နိုင်ငံခရီးသွားလုပ်ငန်းပူးပေါင်းဆောင်ရွက်ရေးလုပ်ငန်း စီမံကိန်း ၂၀၂၆-၂၀၂၇ ရေးဆွဲညှိနှိုင်းခြင်းတို့ကို လုပ်ဆောင်ခဲ့ခြင်းလည်း ဖြစ်သည်။
ထိုပြင် နှစ်နိုင်ငံခရီးသွားလုပ်ငန်းပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ နားလည်မှု စာချွန်လွှာရေးထိုးနိုင်မည့်အခြေအနေများအား ညှိနှိုင်းဆွေးနွေးခြင်း၊ ဟိုတယ်နှင့်ခရီးသွား လုပ်ငန်းဆိုင်ရာ ပုဂ္ဂလိကအသင်းအဖွဲ့များအချင်းချင်း နားလည်မှုစာချွန်လွှာများ ရေးထိုးဆောင်ရွက် ရေးနှင့် နှစ်နိုင်ငံခရီးသွားလုပ်ငန်းများ မြှင့်တင်ရေးအတွက် ပူးပေါင်းဆောင်ရွက်မည့်အဆိုပြု ရှေ့လုပ်ငန်းစဉ်များနှင့် အဆိုပါပူးပေါင်းဆောင်ရွက်ရေးလုပ်ငန်းစဉ်များတွင် ပုဂ္ဂလိကဏ္ဍမှ ပူးပေါင်း ပါဝင်ဆောင်ရွက်ရေးကိစ္စရပ်များကို ဆွေးနွေးညှိနှိုင်းခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
ထိုနောက် ကမ္ဘောဒီးယား-လာအို-မြန်မာ-ဗီယက်နမ် အစားအစာပြပွဲနှင့် ကုန်းလမ်းနှင့် နယ်စပ်ဖြတ်ကျော်ခရီးသွားလုပ်ငန်း လွယ်ကူချောမွေ့စေရေးဆိုင်ရာဆွေးနွေးပွဲကို ဆက်လက် ပြုလုပ်ခဲ့ပြီး
ကမ္ဘာဒီးယားနိုင်ငံ ခရီးသွားလာရေး ဝန်ကြီးဌာန၊ ဝန်ကြီး Mr. Mr. HOUT Hak ၊ လာအိုပြည်သူ့ဒီမိုကရက်တစ်သမ္မတနိုင်ငံ၊ ပြန်ကြားရေး၊ ယဉ်ကျေးမှုနှင့် ခရီးသွားလာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး Ms. Suanesavanh Vignaket ၊ မြန်မာနိုင်ငံ၊ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးမောင်မောင်ကျော်၊ ဗီယက်နမ် အမျိုးသားခရီးသွားလုပ်ငန်းအာဏာပိုင်အဖွဲ့မှ ဒုတိယညွှန်ကြားရေးမှူး Ms. Tran Thi Phuong နှင့် အဖွဲ့ဝင်နိုင်ငံများမှ ခရီးသွားလုပ်ငန်းနှင့် ဆက်စပ်အစိုးရ၊ ပုဂ္ဂလိက ကိုယ်စားလှယ်များ ပါဝင်တက်ရောက် ခဲ့ကြသည်။
ထို့နောက် ကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင်များသည် နိုင်ငံအလိုက် ခင်းကျင်းပြသထားသည့် အထင်ကရ အစားအစာများ၊ အမှတ်တရ လက်ဆောင်ပစ္စည်းများအား လှည့်လည်ကြည့်ရှုခဲ့ကြပါသည်။ အဆိုပါအစားအစားပြပွဲသို့ ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီး ဌာနမှ ဦးဆောင်၍ မြန်မာနိုင်ငံခရီးသွားလုပ်ငန်းအဖွဲ့ချုပ်၊ မြန်မာနိုင်ငံ ဟိုတယ်ဆိုင်ရာလုပ်ငန်းရှင် များအသင်းနှင့် မြန်မာနိုင်ငံခရီးသွားလုပ်ငန်းရှင်များအသင်းများမှ မြန်မာ့အစားအစာများနှင့် အမှတ်တရ လက်ဆောင်ပစ္စည်းများကို ပါဝင်ပြသခဲ့ခြင်း ဖြစ်သည်။
