လောင်စာဆီနှင့် လက်နက်များကို ကမ္ဘောဒီးယားသို့ လမ်းကြောင်းပြောင်းကာ ပို့ပေးနေကြောင်း ထောက်လှမ်းရေး သတင်းများ ထွက်ပေါ်လာပြီးနောက် ထိုင်းစစ်တပ်သည် ချွန်းမက်နယ်စပ်ဂိတ်မှတဆင့် လာအိုသို့ လောင်စာဆီထုတ်ကုန်များနှင့် စစ်ဘက်ဆိုင်ရာပစ္စည်းကိရိယာများအားလုံးတင်ပို့မှုကို ရပ်ဆိုင်းလိုက်သည်။
ကမ္ဘောဒီးယားတပ်များသည် ထိုင်းနယ်မြေအတွင်းရှိ အရပ်ဖက်ပစ်မှတ်များကို လက်နက်ကြီးများသုံးကာ တို-က်ခို-က်နေသဖြင့် လိုအပ်ချက်အရ ယခုကဲ့သို့ လုပ်ဆောင်ရခြင်းဖြစ်ကြောင်း ထိုင်းကာကွယ်ရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ရေဒမ် ဆူရာဆန့် ကွန်ဆရီက ပြောကြားခဲ့သည်။
ယင်းသို့ ရပ်ဆိုင်းမိန့်ထုတ်ရခြင်း၏ အဓိကအကြောင်းရင်းသည် လာအိုမှတဆင့် တင်ပို့လိုက်သော လောင်စာဆီနှင့် ပစ္စည်းကိရိယာများကို စစ်ရေးကိစ္စရပ်များ အတွက်အသုံးပြုရန် ကမ္ဘောဒီးယားသို့ ပေးပို့နေကြောင်း ထောက်လှမ်းရေးသတင်းများက ဖေါ်ပြနေသောကြောင့်ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။
တိုက်ပွဲများစဖြစ်ပြီးနောက် ငါးရက်အတွင်း နယ်စပ်ဖြတ်ကျော်၍ လာအိုသို့ လောင်စာဆီတင်ပို့မှုများသည် ဆီတင်ယာဉ်အစီး ၁၈၀ စီးကျော်ရှိခဲ့ကာ ပုံမှန်မဟုတ်သော သယ်ပို့မှုများလာမှုကို အာဏာပိုင်များက တွေ့ရှိခဲ့သည်။ ပြီးခဲ့သည့် တစ်လလုံးတွင်မှ ဆီတင်ယာဉ် ၂၈၁ စီးသာတင်ပို့ခဲ့ခြင်းဖြစ်သည်။
Chong Mek စစ်ဆေးရေးဂိတ်သည် ကမ္ဘောဒီးယားသို့ ဦးတည်သော လာအိုနိုင်ငံရှိ ဖြတ်ကျော်ဂိတ်များနှင့် ဆက်စပ်နေပြီး ထိုဒေသကို ဖြတ်သန်းသွားသော လောင်စာဆီများကို ပြန်လည်ရောင်းချခြင်းသို့မဟုတ် တဆင့်လွှဲပြောင်းခြင်းဖြစ်နိုင်သည်ဟူသော စိုးရိမ်မှုများပေါ်ပေါက်စေခဲ့သည်။
ပဋိပက္ခကာလအတွင်း ပုံမှန်မဟုတ်သော ပမာဏများစွာရှိနေခြင်းကြောင့် လုံခြုံရေးနှင့် ဒေသတွင်းတည်ငြိမ်ရေးအတွက် တင်ပို့မှုများကို ယာယီရပ်ဆိုင်းရန် လိုအပ်ကြောင်း အာဏာပိုင်များက ယူဆခဲ့ကြသည်။
Ref: ဘန်ကောက်ပို့စ်
