ဖိလစ်ပိုင်နိုင်ငံ မနီလာမြို့၌ ယမန်နေ့က ကျင်းပသည့် အရှေ့တောင်အာရှမူလတန်း ပညာသင်ယူမှု တိုင်းတာစစ်ဆေးရေးစံ SEA- PLM 2024 ၏ ဒေသဆိုင်ရာ သုတေသနအစီရင်ခံစာ ထုတ်ပြန်ခြင်းအခမ်းအနားကို ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးနေမျိုးလှိုင်နှင့် ပညာရေးသုတေသနစီမံကိန်းနှင့် လေ့ကျင့်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာခင်သီတာ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များဖြစ်သည့် ဒေါက်တာဇော်လတ်ထွန်း၊ ဒေါက်တာအေးသီတာစိုး၊ လက်ထောက်အတွင်းဝန် ဦးအောင်သန်းတို့ တက်ရောက်ခဲ့ကြောင်း သိရသည်။
အဆိုပါအခမ်းအနားသို့ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချောချောစိန်က Video message ပေးပို့၍ SEA-PLM လုပ်ငန်းအစီအစဉ်သည် အာဆီယံပညာရေးမူဘောင်ထဲတွင် အရေးပါသော အစိတ်အပိုင်းဖြစ်ပြီး အာဆီယံအဖွဲ့ဝင် နိုင်ငံအားလုံး၏ ပညာရည်တန်းတူညီမျှမှု၊ တိုးတက်မှုအတွက် ပူးပေါင်းလက်တွဲ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
ထို့ပြင် SEA-PLM 2024 ၏ ဒေသဆိုင်ရာ သုတေသနအစီရင်ခံစာကို အောင်မြင်စွာ ဆောင်ရွက်ပြီးစီးထုတ်ပြန်နိုင်ခဲ့ခြင်းသည် အရှေ့တောင်အာရှဒေသတွင်း ကလေးသူငယ်များ၏ ပညာရေးစနစ် တိုးတက်ကောင်းမွန်ရေးကိုမြှင့်တင်ရန် ပူးပေါင်းပါဝင်မှုတစ်ခုဖြစ်ပြီး ပညာရေးဝန်ကြီးဌာနအနေဖြင့် ဤရလဒ်များကို အထောက်အထားအခြေပြုလမ်းညွှန်ချက်အဖြစ် ပြန်လည်သုံးသပ်ကာ ဆောင်ရွက်သွားမည်ဖြစ်ကြောင်းလည်း ဒုတိယဝန်ကြီး ဦးနေမျိုးလှိုင်က ပြောကြားခဲ့သည်။
SEAMEO, ASEAN, SEA-PLM Secretariat, UNICEF, AKCF စသည့် နိုင်ငံတကာအဖွဲအစည်းများမှ တာဝန်ရှိပုဂ္ဂိုလ်များနှင့် အာဆီယံနိုင်ငံအသီးသီးမှ ပညာရေးဝန်ကြီးများ၊ ဒုတိယဝန်ကြီးများနှင့်အတူ ကိုယ်စားလှယ်များက အဆိုပါအခမ်းအနားသို့ တက်ရောက်ခဲ့ကြကြောင်း သိရသည်။



