သမဝါယမနှင့်ကျေးလက်ဖွံဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးလှမိုးသည် ရုရှားဖက်ဒရေးရှင်းနိုင်ငံ ရော့စ်ကွန်ဂရက်ရင်းနှီးမြှုပ်နှံမှုရန်ပုံငွေအဖွဲ့မှ ကြီးကြပ်ရေးဘုတ်အဖွဲ့ဝင် မစ္စတာဆာဂေးရှတီရော့ဗ်ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့အား နေပြည်တော်၌ တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။
တွေ့ဆုံစဉ် ရုရှား-မြန်မာပူးပေါင်းဆောင်ရွက်မှုဖြစ်သည့် သဘာဝမြေဩဇာစက်ရုံ တည်ဆောက်ရေးစီမံကိန်းဆိုင်ရာများ၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ မိမိတို့ဝန်ကြီးဌာနနှင့် ရော့စ်ကွန်ဂရက်ရင်းနှီးမြှုပ်နှံမှု ရန်ပုံငွေအဖွဲ့တို့ ပူးပေါင်းဆောင်ရွက်သည့်စီမံကိန်းများ၏ MoU ရေးထိုးနိုင်မှုအခြေအနေများ နှင့် ပတ်သက်ပြီး ဆွေးနွေးမှုများ လုပ်ဆောင်ခဲ့ခြင်းလည်း ဖြစ်သည်။
ထို့ပြင် ရုရှားနိုင်ငံမှ ပံ့ပိုးပေးသည့် နေကြာမျိုးကိုးမျိုးကို စိုက်ပျိုးရေးသမဝါယမအသင်းများဖြင့် စမ်းသပ်စိုက်ပျိုးခဲ့မှုအခြေအနေများ၊ ရွက်ဖျန်းအားဆေးရည် ထုတ်လုပ်အသုံးပြုနိုင်ရေး ဆောင်ရွက်နေသည့်အခြေအနေများနှင့် သဘာဝမြေဩဇာစက်ရုံတည်ဆောက်ရေးလုပ်ငန်းအား ဒီဇင်ဘာလတွင် စတင်နိုင်ရေးနှင့် စက်ရုံကို တစ်နှစ်အတွင်း ပြီးမြောက်အောင်ဆောင်ရွက်နိုင်ရေးနှင့် ပတ်သက်ပြီး ဆွေးနွေးမှုများလုပ်ဆောင်ခဲ့ကြောင်း သိရသည်။
ပြီးခဲ့သည့် ဒီဇင်ဘာ(၂)ရက်နေ့ကလည်း ရင်းနှီးမြှပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေး ပြည်ထောင်စုဝန်ကြီး နှင့် ရုရှားနိုင်ငံ ရော့စ်ကွန်ဂရက်ရင်းနှီးမြှုပ်နှံမှု ရန်ပုံငွေအဖွဲ့တို့ တွေ့ဆုံခဲ့ပြီး ဟိုတယ်နှင့်ခရီးသွားကဏ္ဍအတွက် ရင်းနှီးမြှုပ်နှံမှု ရှေ့ဆက်လုပ်ဆောင်မည် လုပ်ငန်းများနှင့် ပတ်သက်ပြီးဆွေးနွေးမှုများလည်း လုပ်ဆောင်ခဲ့ကြောင်းလည်း သိရသည်။
