အမေရိကန်နိုင်ငံသားနှင့် လူဝင်မှုကြီးကြပ်ရေးဝန်ဆောင်မှု(USCIS) ဟာ အမေရိကန်မှာ အလုပ်လုပ်ခွင့်ပြုလက်မှတ် (Employment Authorization Documents – EADs) ရဲ့ သက်တမ်းကို ၅ နှစ်ကနေ ၁၈ လ အထိ သိသိသာသာ လျှော့ချလိုက်ပါပြီ။
USCISက ကြာသပတေးနေ့မှာ ကြေညာခဲ့တာကတော့၊ အလုပ်လုပ်ခွင့်သက်တမ်းကို လျှော့ချလိုက်ခြင်းအားဖြင့် အမေရိကန်မှာ အလုပ်လုပ်နေတဲ့ နိုင်ငံသားမဟုတ်သူတွေကို ပိုပြီး မကြာခဏ နောက်ခံစစ်ဆေးမှုတွေ ပြုလုပ်နိုင်မယ်လို့ ဆိုပါတယ်။ ဒါဟာ လိမ်လည်မှု၊ လုံခြုံရေးခြိမ်းခြောက်မှုတွေကို စစ်ဆေးနိုင်ပြီး အန္တရာယ်ဖြစ်စေနိုင်တဲ့သူတွေကို ဖယ်ရှားနိုင်ဖို့ အထောက်အကူပြုမယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။
USCIS ဒါရိုက်တာ Joseph Edlow က “အလုပ်လုပ်ခွင့်သက်တမ်း အများဆုံးကာလကို လျှော့ချလိုက်တာဟာ အမေရိကန်မှာ အလုပ်လုပ်ချင်သူတွေက ပြည်သူ့လုံခြုံရေးကို ခြိမ်းခြောက်တာမျိုး ဒါမှမဟုတ် အန္တရာယ်ရှိတဲ့ အမေရိကန်ဆန့်ကျင်ရေး အယူဝါဒတွေကို မဖြန့်ဖြူးဖို့ သေချာစေမှာပါ” လို့ ပြောကြားခဲ့ပါတယ်။ “ယခင်အစိုးရလက်ထက်က ဒီနိုင်ငံကို ဝင်ခွင့်ပေးခဲ့တဲ့ နိုင်ငံခြားသားတစ်ဦးဟာ ကျွန်တော်တို့ရဲ့ မြို့တော်မှာရှိတဲ့ အမျိုးသားအစောင့်တပ်ဖွဲ့ဝင်တွေကို တိုက်ခိုက်ခဲ့ပြီးနောက်မှာ နိုင်ငံခြားသားတွေကို USCIS က မကြာခဏ စစ်ဆေးနေဖို့ လိုတယ်ဆိုတာ ပိုပြီး ရှင်းလင်းလာပါတယ်” လို့လည်း သူက ဆိုပါတယ်။
ဒီမူဝါဒအပြောင်းအလဲဟာ ၂၀၂၃ ခုနှစ်က ချမှတ်ခဲ့တဲ့ ၅ နှစ်သက်တမ်းအစား ယခင်က ရှိခဲ့တဲ့ ၁၈ လ ကန့်သတ်ချက် ကို အလုပ်အမျိုးအစားများစွာအတွက် ပြန်လည်ကျင့်သုံးလိုက်တာ ဖြစ်ပါတယ်။
