ပျောက်ဆုံးနေခဲ့သော မလေးရှားလေကြောင်းလိုင်း MH370 လေယာဉ်ရှာဖွေမှုကို ဒီဇင်ဘာလ ၃၀ ရက် နေ့တွင် ပြန်လည်စတင်မည်ဖြစ်ကြောင်း မလေးရှားသယ်ယူပို့ဆောင်ရေးဝန်ကြီးဌာနက ဗုဒ္ဓဟူးနေ့တွင် ထုတ်ဖော်ပြောကြားလိုက်သည်။ ကမ္ဘာ့ပဟေဠိအဆန်ဆုံး လေကြောင်းမတော်တဆမှုအဖြစ် ပေကျင်းသို့ ဦးတည်ပျံသန်းခဲ့သော လေယာဉ်သည်ပျောက်ဆုံးသွားခဲ့ပြီးနောက် ဆယ်စုနှစ်တစ်ခုကျော်အကြာတွင် ယင်းသို့ပြောကြားလာခြင်းဖြစ်သည်။
၂၀၁၄ ခုနှစ်က ခရီးသည် ၂၂၇ ဦးနှင့် လေယာဉ်အမှုထမ်း ၁၂ ဦး လိုက်ပါခဲ့သော ဘိုးရင်း ၇၇၇ အမျိုးအစား ခရီးစဉ်အမှတ် MH370 သည် ကွာလာလမ်ပူရ်မှ ပေကျင်းသို့ ပျံသန်းလာစဉ်တွင် ပျောက်ဆုံးသွားခဲ့ခြင်းဖြစ်သည်။
ခရီးသည်များ၏ သုံးပုံနှစ်ပုံသည် တရုတ်နိုင်ငံသားများဖြစ်ကာ အခြားခရီးသည်များတွင် မလေးရှား၊ အင်ဒိုနီးရှား၊ သြစတြေးလျ၊ အိန္ဒိယ၊ အမေရိကန်၊ ဒတ်ချ်နှင့် ပြင်သစ်နိုင်ငံသားများလည်း ပါဝင်ခဲ့သည်။
လေကြောင်းသမိုင်းတွင် အကြီးမားဆုံး ရှာဖွေမှုကို လုပ်ဆောင်ခဲ့သော်ငြားလည်း လေယာဉ်ကိုမူ တွေ့ရှိခဲ့ခြင်းမရှိပေ။
Ocean Infinity သည် ၅၅ ရက်ကြာ ပင်လယ်ကြမ်းပြင်၌ ရှာဖွေမှု လုပ်ငန်းများကို ပြန်လည်စတင်မည်ဟု အတည်ပြု ပြောကြားခဲ့ပြီး ရှာဖွေမှုကို ထုံ့ပိုင်းကြိုကြား ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မလေးရှားသယ်ယူပို့ဆောင်ရေးဝန်ကြီးဌာနက ဗုဒ္ဓဟူးနေ့က သတင်းထုတ်ပြန်ချက်တွင် ပြောကြားခဲ့သည်။
လေယာဉ်တည်ရှိနိုင်သည့် ဖြစ်နိုင်ခြေအများဆုံးဟု ယူဆသော နေရာများတွင် ပစ်မှတ်ထားကာ ရှာဖွေသွားမည်ဖြစ်ကြောင်း ဝန်ကြီးဌာနက ဆက်လက်ပြောကြားထားသည်။
ရှာဖွေမှုလုပ်မည့် ဧရိယာ၏ နေရာအတိအကျကိုမူ ပြောဆိုထားခဲ့ခြင်း မရှိပေ။
လေယာဉ်ပျောက်ရှာဖွေမှုကို ပြန်လည်စတင်ရန်အတွက် အစိုးရနှင့် Ocean Infinity အကြား သဘောတူညီထားခဲ့ပြီးဖြစ်သော စည်းကမ်းသတ်မှတ်ချက်များအတိုင်း ပြန်လည်ရှာဖွေသွားမှာဖြစ်ကြောင်းလည်း ဝန်ကြီးဌာနက ပြောကြားခဲ့သည်။
Ref: စီအင်န်အေ
