တက္ကသိုလ်ဝင်စာမေးပွဲ အောင်လက်မှတ်ရှိ QR Code ကို အတုပြုလုပ်မှုများ ရှိနေသည်ဟု မြန်မာနိုင်ငံစာစစ်ဦးစီးဌာနက ယမန်နေ့ (နိုဝင်ဘာ ၂၄ရက်)တွင် အသိပေးထုတ်ပြန်ထားသည်။
ထိုသို့ အတုပြုလုပ်ကာ အခြား Website URL များသို့ ချိတ်ဆက်မှုများရှိနေခြင်းလည်း ဖြစ်သည်ဟု မြန်မာနိုင်ငံစာစစ်ဦးစီးဌာနက အသိပေးသည်။
မြန်မာနိုင်ငံစာစစ်ဦးစီးဌာနအနေဖြင့် ၂၀၂၄ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ အောင်လက်မှတ်များမှစတင်ကာ အောင်လက်မှတ်ပါ အချက်အလက်များကို စစ်ဆေးနိုင်သော QR Code ထည့်သွင်း၍ ထုတ်ပေးခဲ့ခြင်း ဖြစ်သည်။
ယင်း QR Code သည် မြန်မာနိုင်ငံရှိ တရားဝင်အစိုးရဌာနများသာ အသုံးပြုနိုင်သော gov.mm ကိုအသုံးပြုခဲ့ပြီး မြန်မာနိုင်ငံစာစစ်ဦးစီးဌာန Website URL ဖြစ်သော verify.dme.gov.mm သို့သာ ချိတ်ဆက်ထားခြင်း ဖြစ်သည်။
သို့သော် လက်ရှိ၌ တက္ကသိုလ်ဝင်စာမေးပွဲ အောင်လက်မှတ် အတုပြုလုပ်သူများက အောင်လက်မှတ်အတုများတွင် ပါဝင်သော QR Code သည် verify.dme.gov.mm သို့ ချိတ်ဆက်ခြင်းမဟုတ်ဘဲ အခြား Website URL တစ်ခုသို့ ချိတ်ဆက်၍ အတုအပ ပြုလုပ်နေခြင်း ဖြစ်သည်ဟု ဆိုသည်။
ထို့ကြောင့် တက္ကသိုလ်ဝင်စာမေးပွဲ အောင်လက်မှတ်ပါ QR Code သည် verify.dme.gov.mm သို့ချိတ်ဆက်၍ အချက်အလက်များစစ်ဆေးအတည်ပြုနိုင်မှသာ မြန်မာနိုင်ငံစာစစ်ဦးစီးဌာနမှ ထုတ်ပေးသည့် အောင်လက်မှတ်အစစ်ဖြစ်ကြောင်း ဖော်ပြချက်အရ သိရသည်။
ထို့ပြင် အခြား Website URL များသို့ ချိတ်ဆက်ဖော်ပြသည့် QR Code ဖြင့် အောင်လက်မှတ်များအားလုံးသည် အတုဖြစ်ကြောင်းနှင့် မြန်မာနိုင်ငံစာစစ်ဦးစီးဌာနအနေဖြင့် လိုအပ်သော လုပ်ငန်းစဉ်များကို ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း အသိပေးကြေညာထားသည်။
