ပြည်ပသို့ ပြောင်းသီးနှံ တင်ပို့မှုမှ နှစ်စဉ် နိုင်ငံခြားဝင်ငွေ ပျမ်းမျှ အမေရိကန်ဒေါ်လာ သန်း (၅၀၀)အထက် ရရှိနေကြောင်း မြန်မာနိုင်ငံပြောင်းလုပ်ငန်းအသင်းမှ သိရသည်။
လက်ရှိတွင် ပြည်တွင်း၌ ပြောင်းသီးနှံစိုက်ဧက တစ်သန်းကျော်ရှိပြီး အချို့မြေပေါ်တွင် ဈေးနှုန်း၊ ဈေးကွက်ကိုက်ညီသည့် အခြားသီးနှံများ စိုက်ပျိုးခြင်းကြောင့် ပြောင်းစိုက်ဧက တိုးမြင့်လာခြင်း၊ လျော့သွားခြင်းများ အနည်းငယ်ရှိသော်လည်း ယခုနှစ် ၂၀၂၅-၂၀၂၆ စိုက်ပျိုးရာသီတွင် ပြောင်းစိုက်ဧက အနည်းငယ်များပြားလာကြောင်း သိရသည်။
မြန်မာ့ဒေသထွက်ပြောင်းသီးနှံကို ပြည်တွင်း၌ (၃၅) ရာခိုင်နှုန်းအသုံးပြုနေပြီး ပြည်ပနိုင်ငံများသို့ (၆၅) ရာခိုင်နှုန်း တင်ပို့နေခြင်း ဖြစ်သည်။
အများဆုံးအနေဖြင့် ထိုင်းနိုင်ငံသို့ တင်ပို့နေပြီး ရာခိုင်နှုန်းအားဖြင့် (၅၀) ရာခိုင်နှုန်း တင်ပို့နေကာ ကျန် (၁၅) ရာခိုင်နှုန်းအနေဖြင့် အိန္ဒိယ၊ ဖိလစ်ပိုင်၊ ဗီယက်နမ်၊ တရုတ် စသည့်နိုင်ငံများသို့ တင်ပို့နေခြင်းဖြစ်ကြောင်းလည်း သိရသည်။
ပြောင်းတင်ပို့မှုမှ ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်တွင် အမေရိကန်ဒေါ်လာ သန်း (၅၀၀) အထက်ကို ရှာဖွေပေးနိုင်ခဲ့ပြီး ၂၀၂၄ -၂၀၂၅ ဘဏ္ဍာနှစ်တွင် အမေရိကန်ဒေါ်လာ သန်း (၄၀၀)၊ ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်၏ လက်ရှိအချိန်ထိ အမေရိကန်ဒေါ်လာ သန်း (၄၀၀) ကျော်ရရှိထားကြောင်း သိရသည်။
