အမေရိက၏ အခွန်စည်းကြပ်မှုများသည် ၎င်းတို့၏ ကုန်ပစ္စည်းများအပေါ် ကင်းလွတ်ခွင့်ရှိမရှိကို စင်ကာပူဆေးဝါးကုမ္ပဏီများက ရှင်းလင်းစွာသိလိုနေကြကြောင်း စင်ကာပူ ဒုတိယဝန်ကြီးချုပ် ဂန်ကင်ယွန်းက စနေနေ့တွင်ပြောကြားခဲ့သည်။
စင်ကာပူသည် အမေရိကသို့ ဆေးဝါးထုတ်ကုန် ကန်ဒေါ်လာ ၃ ဒဿမ ၁၀ ဘီလျံဖိုးခန့် တင်ပို့နေပြီး အများစုသည် နာမည်ရအမှတ်တံဆိပ်များဖြစ်ကြောင်း ကုန်သွယ်ရေးဝန်ကြီးလည်းဖြစ်သည့် ဂန်ကသတင်းထောက်များကို ပြောကြားခဲ့သည်။
နာမည်ရ အမှတ်တံဆိပ်ဆေးဝါးသွင်းကုန်များကို အခွန် ၁၀၀ ရာခိုင်နှုန်းစည်းကြပ်သွားမည်ဖြစ်ပြီး အမေရိကန်ပြည်ထောင်စုတွင် ကုန်ထုတ်လုပ်မှုလုပ်ငန်းတည်ရှိခြင်းမရှိသော ကုမ္ပဏီများ အကျူံးဝင်လိမ့်မည်ဟု ကြာသပတေးနေ့တွင် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်က ကြေညာခဲ့သည်။
“ဆေးဝါးတွေဟာ အမေရိကကို စင်ကာပူက တင်ပို့နေတဲ့ ပို့ကုန်အားလုံးရဲ့ ၁၃ ရာခိုင်နှုန်းအထိရှိနေတာမို့ စင်ကာပူအတွက်တော့ ဒါက စိုးရိမ်စရာပါ” ဟု ဂန်က ပြောသည်။
စင်ကာပူရှိ ဆေးဝါလုပ်ငန်းအများအပြားသည် အမေရိကတွင် ၎င်းတို့၏ လုပ်ငန်းများတိုးချဲ့ရန် သို့မဟုတ် လုပ်ငန်းတည်ဆောက်ရန် အစီအစဉ်များရှိနေပြီး ယင်းသည် ၎င်းတို့၏ အခွန်ကင်းလွတ်ခွင့်အတွက် အရည်အချင်းပြည့်မီနိုင်ကြောင်း ဂန်က ပြောကြားခဲ့သည်။
သြဂုတ်လအတွင်း အမေရိကန်ကူးသန်းရောင်းဝယ်ရေးဝန်ကြီး ဟောင်းဝပ် လပ်တ်နစ်ခ်နှင့် တွေ့ဆုံခဲ့သော ဂန်က အမေရိကနှင့် ကုန်သွယ်ရေးဆွေးနွေးမှုများ ဆက်လက်လုပ်ဆောင်နေကြောင်းနှင့် နှစ်ဖက်စလုံးမှ တာဝန်ရှိသူများသည် ဆေးဝါးနှင့် တစ်ပိုင်းလျှပ်ကူးပစ္စည်းကဏ္ဍများအတွက် ဖြစ်နိုင်ခြေ သဘောတူညီချက်အသေးစိတ်အတွက် ညှိနှိုင်းဆောင်ရွက်နေကြောင်း ပြောကြာခဲ့သည်။
Ref: ဘန်ကောက်ပို့စ်
