တနင်္သာရီတိုင်းသို့ရောက်ရှိနေသည့် မြန်မာနိုင်ငံတော် ယာယီသမ္မတ၊ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌ၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် ဇနီးတို့သည် စက်တင်ဘာ ၁၈ ရက်ည နေပိုင်းက လေးကျွန်းဆီမီးစေတီတော်မြတ်ကြီးကို ဖူးမြှော်ကြည်ညိုခဲ့ကြသည်။
ထို့နောက် မြန်မာနိုင်ငံတော်ယာယီသမ္မတနှင့် ဇနီးတို့က စေတီတော်မြတ်ကြီးအတွက် ဘက်စုံအလှူငွေများကိုပေးအပ်လှူဒါန်းရာ ဂေါပကအဖွဲ့ဝင်များကလက်ခံရယူခဲ့ကြသည်။
ထို့ပြင် မြန်မာနိုင်ငံတော် ယာယီသမ္မတနှင့် ဇနီးတို့သည် နှစ်ပေါင်း(၂၄၀)သက်တမ်းရှိ ရှေးဟောင်းသမိုင်းဝင် သမုတ်သိမ်တော်အတွင်းရှိ ရှေးဟောင်းဗုဒ္ဓရုပ်ပွားတော်များအားဖူးမြော်ကြည်ညိုပြီး စေတီတော်မြတ်ကြီးနှင့် ရှေးဟောင်းသမိုင်းဝင် သမုတ်သိမ်တော်ကြီးတို့ ရေရှည်တည်တံ့ခိုင်မြဲရေးအတွက် ဆောင်ရွက်ရမည့်လုပ်ငန်းစဥ်များကို မှာကြားခဲ့သည်။
