ပြန်ကြားရေးဝန်ကြီးဌာန အနေဖြင့် ပုံနှိပ်ခြင်းနှင့်ထုတ်ဝေခြင်းလုပ်ငန်း ဥပဒေပါ စည်းကမ်းချက်များ ငြိစွန်းသည့် ထုတ်ဝေစာကို ပုံနှိပ်ထုတ်ဝေခဲ့ကြောင်း ခိုင်လုံသောအထောက်အထားများ ဖြင့် သိရှိပါက သတ်မှတ်ချက်နှင့်အညီ လုပ်ငန်းအသိမှတ်ပြုလက်မှတ် ပြန်လည်ရုပ်သိမ်းခြင်းနှင့် ကာလအကန့်အသတ်ဖြင့်ရပ်ဆိုင်းခြင်းများပြုလုပ်နိုင်ကြောင်း သိရသည်။
လက်ရှိ ပုံနှိပ်ခြင်းနှင့်ထုတ်ဝေခြင်း လုပ်ငန်းဥပဒေ ပုဒ်မ(၈)ပုဒ်မခွဲ(က)ပါ တိုင်းရင်းသားလူမျိုးအချင်းချင်း၊ နိုင်ငံသားအချင်းချင်း၊ လူမျိုးရေးအရ ၊ဘာသာရေးအရ ၊ယဉ်ကျေးမှုအရ ထိခိုက်နစ်နာစေသည့် အကြောင်းအရာများကို ပုံနှိပ်ဆောင်ရွက်ခဲ့သည့် ပုံနှိပ်တိုက်(၂)ခု၏ အသိမှတ်ပြုလက်မှတ်များကို စက်တင်ဘာ(၃)ရက်နေ့မှ စတင်၍ ရုပ်သိမ်းလိုက်ကြောင်း ယနေ့ စက်တင်ဘာ(၁၇)ရက်နေ့တွင် အသိပေးထားသည်။
ဦးအေးသောင်း(အောင်ပညာမြင့်ပုံနှိပ်တိုက်-၀၁၅၀၈)၏ ပုံနှိပ်ခြင်းလုပ်ငန်းအသိအမှတ်ပြုလက်မှတ်နှင့် ထုတ်ဝေခဲ့သည့် ဦးအောင်စိုး(တစ်ထိပ်တန်းစာပေ-၀၀၁၉၈) တို့ ၏ ထုတ်ဝေခြင်းလုပ်ငန်း အသိမှတ်ပြုလက်မှတ်များကို ရုပ်သိမ်းခဲ့ကြောင်း သိရသည်။
ထိုကြောင်း အဆိုပါ ပုံနှိပ်တိုက် များအနေဖြင့် မီဒီယာအမျိုးစားတစ်ခုခုကို အသုံးပြု၍ ဖြစ်စေ၊နည်းပညာတစ်ရပ်ရပ်ကို အသုံးပြု၍ဖြစ်စေ မည်သည့်ထုတ်ဝေစာကို မှ ပုံနှိပ်ဆောင်ရွက်ခြင်းနှင့်ထုတ်ဝေဖြန့်ချိဆောင်ရွက်ခြင်းမပြုရန်လည်း အသိပေးထားသည်။
