၂၂ ကြိမ်မြောက် တရုတ်-အာဆီယံ ကုန်စည်ပြပွဲ(CAEXPO) ကို ဗုဒ္ဓဟူးနေ့တွင် စတင်ဖွင့်လှစ်ခဲ့ပြီး ညဏ်ရည်တုတွင် ဒေသတွင်း ပူးပေါင်းဆောင်ရွက်မှုနှင့် လွတ်လပ်စွာကုန်သွယ်ရေးသဘောတူညီချက် ၃.၀ ကို မြှင့်တင်ရန် ကြိုးပမ်းမှုများကို အဓိကထားပြသခဲ့သည်။
“ဒစ်ဂျစ်တယ်အသိဉာဏ်နှင့် တီထွင်ကြံဆမှု၌ လုပ်ပိုင်ခွင်များလာရေး–တရုပ်အာဆီယံ လွတ်လပ်စွာသဘောတူညီချက် အက်ဖ်တီအေ ၃.၀ ကိုမြှင့်တင်ရေး–ပိုမိုနီးကပ်သော တရုတ်-အာဆီယံ အသိုက်အဝန်းအတွက် အခွင့်အလမ်းသစ်များ” ဟူသော ဆောင်ပုဒ်ဖြင့် ကျင်းပသည့် ၂၀၂၅ ခုနှစ်အတွက် ပြပွဲသည် ဒေသတွင်း စီးပွားရေးဆိုင်ရာဆက်ဆံမှုများကို နက်ရှိုင်းစေရန်နှင့် နည်းပညာဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်ရန် ရည်ရွယ်သည်။ ငါးရက်ကြာပြပွဲအစီအစဉ်ကို တရုတ်နိုင်ငံ ကွမ်ရှီးဒေသရှိ နန်နင်း ကွန်ဗန်းရှင်းနှင်ပြပွဲစင်တာ တွင် ကျင်းပနေခြင်းဖြစ်သည်။
ဖွင့်ပွဲအခမ်းအနားနှင့် ၂၂ နှစ်မြောက် နှစ်ပတ်လည်ပြပွဲသို့ တရုတ်နှင့် မြန်မာ၊ လာအို၊ ကမ္ဘောဒီးယား၊ မလေးရှား၊ ဗီယက်နမ် အပါအဝင် အာဆီယံနိုင်ငံများမှ ကိုယ်စားလှယ်များတက်ရောက်ခဲ့ကြပြီး ပြပွဲတွင်လာရောက်ပြသသူများကို ဆုမွန်ကောင်းတောင်းပေးခဲ့သည်။
“ဒီကုန်စည်ပြပွဲဟာ ကုန်သွယ်ရေးသက်သက်မဟုတ်ဘဲ တရုတ်နဲ့ အာဆီယံနိုင်ငံတွေအကြား ပူးပေါင်းဆောင်ရွက်မှုတွေကို တွန်းအားပေးပြီး ကဏ္ဍပေါင်းစုံမှာ မိတ်ဖက်ဆက်ဆံရေးကို ခိုင်မာစေပါတယ်” ဟု အာဆီယံအတွင်းရေးမှူးချုပ် ကောင်ကင်းမ်ဟွန်က ပြောကြားခဲ့ပြီး “ဒါက ဒီနေ့နဲ့ မနက်ဖြန်ကို ချိတ်ဆက်တဲ့ တံတားတစ်ခုပါ” ဟုလည်း ပြောကြားခဲ့သည်။
ကုန်စည်ပြပွဲသည် တရုတ်-အာဆီယံ လွတ်လပ်စွာ ကုန်သွယ်ရေးသဘောတူညီချက် ၃.၀ ကို မြှင့်တင်ရာတွင် အဓိကအခန်းကဏ္ဍမှ ပါဝင်မည်ဖြစ်ကြောင်း မစ္စတာ ကောင်က ပြောကြားခဲ့သည်။ အဆိုပါသဘောတူညီချက်ကို အောက်တိုဘာလတွင် ကွာလာလမ်ပူရ်၌ ကျင်းပမည့် ၄၇ ကြိမ်မြောက် အာဆီယံထိပ်သီးအစည်းအဝေးတွင် လက်မှတ်ရေးထိုးမည်ဟု မျှော်လင့်ရသည်။
အဆင့်မြှင့်တင်ထားသော သဘောတူညီချက်သည် အေအိုင်ပါဝါသုံး ဒစ်ဂျစ်တယ်ပလက်ဖောင်းများမှတဆင့် ကုန်သွယ်မှုအတားအဆီးများကို ဖယ်ရှားရန်၊ အကောက်ခွန်ဆိုင်ရာ လုပ်ထုံးလုပ်နည်းများကို လျှော့ချရန်နှင့် ဆိုက်ဘာလုံခြုံရေးကို မြှင့်တင်ရန် ရည်ရွယ်သည်။
Ref: ဘန်ကောက်ပို့စ်
