ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားမြို့နယ်၊ ပန်းဆိုးတန်းလမ်းရှိ ရန်ကုန်တိုင်းဒေသကြီး တရားလွှတ်တော် ရှေးဟောင်းအဆောက်အအုံအား ရှေးမူမပျက် ပြန်လည်ပြုပြင်ထိန်းသိမ်းရန် ပြည်ထောင်စုတရားသူကြီးချုပ် ဦးသာဌေးက ညွှန်ကြားခဲ့သည်။
ယမန်နေ့တွင် ရန်ကုန်တိုင်းဒေသကြီး တရားလွှတ်တော် ရှေးဟောင်းအဆောက်အအုံအား ရှေးမူမပျက် ပြန်လည်ပြုပြင်ထိန်းသိမ်းနိုင်ရန် ဆောင်ရွက်မည့် လုပ်ငန်းအခြေအနေတို့ကို ပြည်ထောင်စုတရားသူကြီးချုပ် ဦးသာဌေးသည် ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမျိုးသန့်၊ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်း၊ ရန်ကုန်မြို့တော်ဝန် ဦးဗိုလ်ဌေး၊ ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာကျော်ဦးလွင်တို့နှင့်အတူ ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့ကြောင်း သိရသည်။
ယခုအဆောက်အအုံသည် ယဉ်ကျေးမှု အမွေအနှစ်စာရင်းဝင် (Haritage) အဆောက်အအုံဖြစ်သည့်အတွက် ယခင်အဆောက်အအုံပုံစံအတိုင်း ရှေးမူလက်ရာမပျက်စေဘဲ အရည်အသွေးပြည့်မီစွာဖြင့် စနစ်တကျပြန်လည်ပြုပြင်ထိန်းသိမ်းရန် လိုအပ်ကြောင်း၊ တာဝန်ယူဆောင်ရွက်မည့်အဖွဲ့များအနေဖြင့် ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာနနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ရန်လိုကြောင်း ပြောကြားခဲ့သည်။
ရန်ကုန်တိုင်းဒေသကြီး တရားလွှတ်တော် အဆောက်အအုံမှာ အလျား (၂၉၉ ဒသမ ၆) ပေ၊ အနံ (၂၈၈) ပေရှိ စတုဂံပုံသဏ္ဌာန် သုံးထပ်အဆောက်အအုံ ဖြစ်ပြီး ၁၉ဝ၅ ခုနှစ်တွင် တည်ဆောက်၍ ၁၉၁၁ ခုနှစ်တွင် ပြီးစီးခဲ့သည်။
ထိုစဉ်က ကုန်ကျငွေမှာ ရူပီး (၂ ဒသမ ၄၅) သန်းဖြစ်ပြီး အဆိုပါ အဆောက်အအုံတွင် ၂၀၁၁ ခုနှစ်အထိ နိုင်ငံတော်၏ အမြင့်ဆုံး တရားစီရင်ရေးအဖွဲ့အစည်းအဆက်ဆက် ရုံးထိုင်၍ အမှုများစစ်ဆေး ကြားနာစီရင်ခဲ့ပြီး သမိုင်းတန်ဖိုးမြင့်မားသော ရှေးဟောင်းအဆောက်အအုံဖြစ်ကြောင်း သိရသည်။
၂၀၀၈ ခုနှစ် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ၂၀၁၀ ပြည့်နှစ် ပြည်ထောင်စုတရားစီရင်ရေးဥပဒေတို့အရ ဖွဲ့စည်းခဲ့သည့် ရန်ကုန်တိုင်းဒေသကြီး တရားလွှတ်တော်သည်လည်း ၂၀၁၁ ခုနှစ်မှစ၍ ယနေ့တိုင် ဤအဆောက်အအုံတွင်ပင် ရုံးထိုင်၍ တရားစီရင်ရေးလုပ်ငန်းတာဝန်များ ဆောင်ရွက်လျက်ရှိသည်။
ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ၊ အင်ဂျင်နီယာဌာန (အဆောက်အအုံ)က ၁၉၉၆ ခုနှစ်တွင် ဤအဆောက်အအုံကို ရှေးဟောင်းလက်ရာ အဆောက်အအုံအဖြစ် သတ်မှတ်ခဲ့ပြီး ရန်ကုန်မြို့ပြ အမွေအနှစ်ထိန်းသိမ်းစောင့်ရှော က်ရေးအဖွဲ့က ရန်ကုန်မြို့ပြအမွေအနှစ် (Yangon City Heritage) အဆောက်အအုံအဖြစ် အပြာရောင်ကမ္ပည်းပြား (Blue Plaque) ကို ၂၀၁၇ ခုနှစ် နိုဝင်ဘာ (၂၄) ရက်တွင် တပ်ဆင်ခဲ့သည်။
ရန်ကုန်တိုင်းဒေသကြီး တရားလွှတ်တော် အဆောက်အအုံသည် ပြည်ပခရီးသွားများကို ဆွဲဆောင်နိုင်သည့် ရှေးဟောင်းအဆောက်အအုံတစ်ခုဖြစ်သဖြင့် အဆောက်အအုံ ရေရှ ည်ကောင်းမွန်ကြံ့ခိုင်စေရေးအတွက် ပြုပြင်ထိန်းသိမ်းခြင်းလုပ်ငန်းများကို ဆောင်ရွက်ရန် နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က မှာကြားထားသည်။
