(၁၀)ကြိမ်မြောက် လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ နိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးနှင့် ဆက်စပ်အစည်းဝေးများတက်ရောက်ရန် တရုတ်ပြည်သူ့သမ္မတနိုင်ငံတွင်ရောက်ရှိနေသည့် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေသည် တရုတ်နိုင်ငံခြားရေးဝန်ကြီး နှင့် ထိုင်းနိုင်ငံခြားရေးဝန်ကြီးတို့နှင့် ယနေ့ဩဂုတ်(၁၄)ရက်နေ့တွင် တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။
ထိုင်းနိုင်ငံနိုင်ငံခြားရေးဝန်ကြီး မစ္စတာ မာရစ်ဆတ်ငီယမ်ဖုန် နှင့် တွေ့ဆုံသည့်အချိန်တွင် နှစ်နိုင်ငံဖြစ်ပေါ်တိုးတက်မှုများနှင့် နယ်စပ်ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာကိစ္စရပ်များကို ဆွေးနွေးခဲ့ကြောင်း သိရသည်။
ထို့အတူ တရုတ်နိုင်ငံခြားရေးဝန်ကြီး မစ္စတာဝမ်ယိနှင့်လည်း နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်ရေးကိစ္စရပ်များကိုဆွေးနွေးခဲ့ပြီး မြန်မာနိုင်ငံမှာ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ ကျင်းပမည့်ကိစ္စကို ရှင်းလင်းပြောကြားခဲ့ပြီး တရုတ်နိုင်ငံခြားရေးဝန်ကြီးက မြန်မာနိုင်ငံတွင်အထွေထွေရွေးကောက်ပွဲ ကျင်းပနှင့်ပတ်သက်သည့်ကိစ္စနှင့် နိုင်ငံဖြစ်ပေါ်တိုးတက်မှုကိစ္စများကို ထောက်ခံအားပေးကြောင်း ပြန်လည်ပြောကြားခဲ့ကြောင်း သိရသည်။
CPC ဗဟိုကော်မတီ၏ နိုင်ငံရေးဗျူရိုအဖွဲ့ဝင်နှင့် နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိသည် ယူနန်ပြည်နယ် လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်ရေး နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးကို သြဂုတ် ၁၄ ရက်မှ ၁၅ ရက်အထိ သဘာပတိအဖြစ် ဆောင်ရွက်ခဲ့သည်။
တရုတ်၊ လာအို၊ မြန်မာနှင့် ထိုင်း နိုင်ငံခြားရေးဝန်ကြီးများ အလွတ်သဘောတွေ့ဆုံဆွေးနွေးပွဲကို LMC နိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေး ပြင်ပတွင်ကျင်းပခဲ့ခြင်းဖြစ်သည်။
ပူးပေါင်းဆောင်ရွက်မှု ရလဒ်များကို ပြန်လည်သုံးသပ်ရန်၊ အောင်မြင်မှုအတွေ့အကြုံများကို စုဆောင်းရန်နှင့် အနာဂတ်ယန္တရား၏ အနာဂတ်ဖွံ့ဖြိုးတိုးတက်မှုအတွက် အစီအစဉ်ဆွဲရန် မဲခေါင်နိုင်ငံများနှင့် လက်တွဲလုပ်ဆောင်ရန် မျှော်လင့်ထားသည်။
LMC ၏ ပူးတွဲသဘာပတိအဖြစ် ထိုင်းနိုင်ငံမှ အဆိုပြုထားသည့်အတိုင်း LMCအစည်းအဝေးတွင် တရုတ်၊ လာအို၊ မြန်မာနှင့် ထိုင်းနိုင်ငံခြားရေးဝန်ကြီးများအကြားအလွတ်သဘော ဆွေးနွေးမှုတွင် ဒေသတွင်း အခြေအနေများကို နက်ရှိုင်းစွာ အမြင်ချင်းဖလှယ်ကာ နယ်စပ်ဖြတ်ကျော် ရာဇ၀တ်မှုများ တို-က်ဖျ-က်ရေးနှင့် အခြားသော အကျိုးစီးပွားနှင့် စိုးရိမ်ဖွယ်ရာ ကိစ္စရပ်များကို ပူးပေါင်းဆောင်ရွက်မည်ဖြစ်ကြောင်းပြောရေးဆိုခွင့်ရှိသူက ဆိုသည်။
