အလပ်စ်ကာတွင်ကျင်းပ ပြုလုပ်မည့် ဒေါ်နယ်ထရမ့်ပ်နှင့် ပူတင်၏ ထိပ်သီးဆွေးနွေးပွဲမတိုင်မီရက်ပိုင်းအလိုတွင် ရုရှားသမ္မတ ဗလာဒီမာပူတင်နှင့် မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအန်တို့သည် ပူးပေါင်းဆောင်မှု ခိုင်မာစေရေး ကတိပြုခဲ့ကြသည်ဟု မြောက်ကိုရီးယားအစိုးရပိုင် မီဒီယာက ဗုဒ္ဓဟူးနေ့တွင် သတင်းထုတ်ပြန်ခဲ့သည်။
ပူတင်နှင့် ကင်မ်တို့သည် အင်္ဂါနေ့တွင် နွေးထွေးဖော်ရွေစွာဖြင့် ဖုန်းဆက်စကားပြောခဲ့ကြပြီး အနာဂတ်တွင် ပူးပေါင်းဆောင်ရွက်မှုကို ခိုင်မာ အားကောင်းစေမည့် ၎င်းတို့၏ ဆန္ဒကို အတည်ပြုခဲ့ကြသည်ဟု ကိုရီးယားဗဟိုသတင်းအေဂျင်စီ(KCNA) က ဖော်ပြခဲ့သည်။
ကာ့ခ်ဒေသလွတ်မြောက်ရေးတွင် ကိုရီးယားပြည်သူ့တပ်မတော် စစ်သည်များ၏ စွန့်လွှတ်စွန့်စားသည့် စိတ်ဓာတ်အတွက် ကျေးဇူးတင်ရှိကြောင်း ပူတင်က ထုတ်ဖော်ပြောကြားခဲ့သည်ဟု ရုရှား၏ ယူကရိန်းစစ်ပွဲတွင် မြောက်ကိုရီးယား ကူညီပါဝင်ခဲ့မှုကို ရည်ညွန်း၍ KCNAက ဆက်လက်ဖော်ပြသည်။
ကင်မ်ကလည်း မြောက်ကိုရီးယားသည် အနာဂတ်တွင် ရုရှားခေါင်းဆောင်ပိုင်းက ဆောင်ရွက်မည့် အစီအမံအားလုံးကို အပြည့်အဝထောက်ခံမည်ဖြစ်ကြောင်း ကတိပြုခဲ့သည်။
ကင်မ်နှင့် ဖုန်းပြောဆိုမှုကို ခရမ္မလင်က အတည်ပြုကာ သတင်းထုတ်ပြန်ခဲ့ပြီး ပူတင်သည် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်နှင့် ဆွေးနွေးပွဲပြုလုပ်မည့် အခြေအနေနှင့် ပတ်သက်၍ ကင်မ်နှင့် ပြောကြားခဲ့သည်ဟု သိရသည်။
သောကြာနေ့ ၍ကျင်းပပြုလုပ်မည့်အလပ်စ်ကာ ဆွေးနွေးပွဲတွင် အမေရိကန်သမ္မတ ထရမ့်ပ်သည် ယူကရိန်းစစ်ပွဲကို အဆုံးသတ်ရေးအတွက် ရုရှားကို ဖိအားပေးမည်ဟု မျှော်လင့်ရသည်။
Ref: စီအင်န်အေ
