ရန်ကုန်မြို့ရှိ Summit Parkview Hotel ၌ အရှေ့တောင်အာရှဆိုင်ရာ ရုရှားအော်သိုဒေါ့ ခရစ်ယာန်အသင်းတော်၏ မြန်မာနိုင်ငံဆိုင်ရာ အသင်းတော်စည်းမျဉ်းအတွက် လက်မှတ်ရေးထိုးပွဲကျင်းပခဲ့ကြောင်း သိရသည်။
သာသနာရေးလုပ်ငန်းဆောင်ရွက်ခွင့်ပြုခြင်းဆိုင်ရာသဘောတူစာချုပ် (LOA)နှင့်အညီ “အရှေ့တောင်အာရှဆိုင်ရာ ရုရှား အော်သိုဒေါ့ ခရစ်ယာန်အသင်းတော်၏ မြန်မာနိုင်ငံဆိုင်ရာ အသင်းတော်စည်းမျဉ်း (Statute)”အား မှတ်တမ်းတင်လက်ခံထားရှိကြောင်း သာသနာရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် နှင့် ဘုန်းတော်ကြီး His Eminence SERGIY တို့က လက်မှတ်ရေးထိုးခဲ့ကြခြင်းဖြစ်သည်။
ရုရှားအော်သိုဒေါ့ အသင်းတော်အတွက် အသင်းအဖွဲ့ရုံးနှင့် ဘာသာရေး အဆောက်အအုံဆောက်လုပ်ခြင်း၊ ရန်ပုံငွေထူထောင်ခြင်း၊ ဘဏ်ငွေစာရင်း ဖွင့်လှစ်ခြင်း၊ အသင်းတော်၏ ရည်ရွယ်ချက်နှင့်အညီ နိုင်ငံတော်အတွင်း ဘာသာရေးဆိုင်ရာ လှုပ်ရှားဆောင်ရွက်ခြင်းများကို ဥပဒေနှင့်အညီ လျှောက်ထားရယူရာတွင် သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာနက လိုအပ်သည့် အကူအညီများ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ နှစ်နိုင်ငံအကြား ဘာသာရေးကဏ္ဍပူးပေါင်းဆောင်ရွက်မှုများ ပိုမိုအားကောင်းလာပါစေ၊ ချစ်ကြည်ရင်း နှီးမှုများ ရေရှည်တည်တံ့ပါစေ၊ အပြန်အလှန်နားလည်မှု၊ ယုံကြည်မှုများ ပိုမိုတည်တံ့နိုင်စေကြောင်းသာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအေးထွန်းကပြော သည်။
ထို့ပြင် နိုင်ငံတော်အစိုးရ၏ လမ်းညွှန်ချက်နှင့်အညီ မြန်မာ နိုင်ငံနှင့် ရုရှားဖက်ဒရေးရှင်းနိုင်ငံတို့အကြား သာသနာရေးကဏ္ဍ ပူးပေါင်းဆောင်ရွက်မှုအနေဖြင့် သာသနာရေးလုပ်ငန်းဆောင်ရွက်ခွင့်ပြုခြင်းဆိုင်ရာ သဘောတူစာချုပ် (Letter of Agreement on granting permission to carry out religious work) အား ပြီးခဲ့သည့် ဖေဖော်ဝါရီ (၁၈) ရက်တွင် နေပြည်တော် MGallery Hotel ၌ လက်မှတ်ရေးထိုးခဲ့ပြီး ဖြစ်ကြောင်းလည်း သိရသည်။
