သံလွင်မြစ်ရေသည် ယနေ့ ဇူလိုင်လ (၂၇)ရက် ၊ နံနက် (၆) နာရီခွဲအချိန် တိုင်းတာချက်အရမြို့၏ စိုးရိမ်ရေအမှတ်ထ က် (၄)ပေခွဲ ကျော်လွန်နေကြောင်း မိုးဇလ ထုတ်ပြန်ချက်အရ သိရသည်။
ဘားအံမြို့၏ စိုးရိမ်ရေမှတ်သည် (၇၅၀) စင်တီမီတာဖြစ်ကာ လက်ရှိတွင် မြစ်ရေသည် (၈၉၀) စင်တီမီတာ ထိရောက်ရှိနေခြင်း ဖြစ်သည်။
လက်ရှိတွင် မိုးလည်းရွာသွန်းနေကာ နေရာအနှံ့နီးပါး ရေ ကျော်နေကြောင်း မြို့ခံများကလည်း ပြောသည်။
“အခုအိမ်ကနေ စားစရာထွက်ဝယ်ဖို့တောင် ထွက်လို့အဆင်မပြေလို့စောင့်နေရပါတယ်။ ဘားအံကို ခရီးသွားမယ့်သူများ သတင်းသေချာလေး စုံစမ်းစေဖို့အတွက် မျှဝေပေးလိုက်ပါတယ်” ဟု မြို့ခံတစ်ဦးက ပြောသည်။
မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာန၏ ထုတ်ပြန်ချက်တွင် ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တို့တွင် မုတ်သုံလေ အားကောင်းနေပြီး ယနေ့ညနေအထိ ခန့်မှန်းချက်အရ ကရင်ပြည်နယ်တွင် နေရာကွက်ပြီး မိုးကြီးနိုင်ကြောင်းလည်း သိရသည်။
