အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်သည် အောက်တိုဘာလ ၃၀ ရက်နေ့မှ နိုဝင်ဘာလ ၁ ရက်နေ့ အကြား ကျင်းပမည့် အာရှ-ပစိဖိတ် စီးပွားရေးပူးပေါင်းဆောင်ရွက်ရေး ထိပ်သီးအစည်းအဝေးသို့ မသွားမီ တရုတ်နိုင်ငံသို့ သွားရောက်ဖွယ်ရှိကြောင်း၊ သို့မဟုတ်ပါက တောင်ကိုရီးယားနိုင်ငံတွင် ကျင်းပမည့် အေပက်အစည်းအဝေး ပြင်ပတွင် တရုတ်သမ္မတ ရှီကျင့်ဖျင်နှင့် တွေ့ဆုံသွားနိုင်ကြောင်း ဆော့ခ်ချိုင်းနားမောနင်းပို့စ် သတင်းစာက သတင်းရင်းမြစ်များစွာကို ကိုးကား၍ ဇူလိုင်လ ၂၀ ရက် နေ့တွင် သတင်းဖော်ပြခဲ့သည်။
ကမ္ဘာ့စီးပွားရေး အင်အားကြီးနှစ်နိုင်ငံသည် ကမ္ဘာလုံးဆိုင်ရာ ကုန်သွယ်ရေးနှင့် ထောက်ပံ့ရေးကွင်းဆက်များကို မြင့်တက်စေသည့် ပြင်းထန်သော ဘတပြန်ကျားတပြန် အခွန်စစ်ပွဲကို အဆုံးသတ်ရေး အတွက်ညှိနှိုင်းဆွေးနွေးရန် ကြိုးပမ်းလျက်ရှိသည်။
ယခုနှစ်တွင် ဒေသတွင်း၌ ခေါင်းဆောင်များ တွေ့ဆုံနိုင်မည့် အလားအလာနှင့်ပတ်သက်၍ နှစ်ဖက်စလုံးက ဆွေးနွေးခဲ့သော်လည်း တွေ့ဆုံမည့်အချိန် သို့မဟုတ် နေရာနှင့်ပတ်သက်၍ ယခုအထိ အတည်မပြုနိုင်သေးကြောင်း ယင်းကိစ္စနှင့်နီးစပ်သည့် ပုဂ္ဂိုလ်တစ်ဦးက ပြောဆိုခဲ့သည်။
ပြည်တွင်း ကုန်ထုတ်လုပ်မှုကို တွန်းအားပေးမည်ဟုဆိုသော မစ္စတာထရမ့်ပ်သည် နိုင်ငံခြားကုန်စည်းအားလုံးနီးပါးအတွက် အမေရိကန်သွင်းကုန်လုပ်ငန်းရှင်များကို အခွန်စည်းကြပ်ရန် ကြိုးပမ်းနေသည်။ သို့ရာတွင် မြင့်မားသော အခွန်စည်းကြပ်မှုများကြောင့် စားသုံးကုန်ပစ္စည်းအများအပြားသည် အမေရိကန်များအတွက် ပိုမိုဈေးကြီးစေမည်ဟု ဝေဖန်သူများက ထောက်ပြသည်။
အမေရိကန်သမ္မတသည် နိုင်ငံအားလုံးမှ သွင်းကုန်များအပေါ် အလုံးစုံအခြေခံအကောက်ခွန် ၁၀ ရာခိုင်နှုန်းသတ်မှတ်ရန် တောင်းဆိုထားပြီး တရုတ်အပါအဝင် ပြဿနာအများဆုံးနိုင်ငံများမှ သွင်းကုန်များကို ပိုမိုမြင့်မားသော အခွန်နှုန်းထားများ သတ်မှတ်ခဲ့သည်။ လက်ရှိတွင် တရုတ်သွင်းကုန်များအပေါ် အမြင့်ဆုံးနှုန်းထားအဖြစ် စည်းကြပ်ခွန် ၅၅ ရာခိုင်နှုန်း သတ်မှတ်ထားသည်။
အမေရိကနှင့် တရုတ်အကြား ရေရှည်အခွန်စည်းကြပ်မှုဆိုင်ရာ သဘောတူညီချက် ရရှိရေးအတွက် မစ္စတာထရမ့်ပ်က သြဂုတ်လ ၁၂ ရက်နေ့ကို နောက်ဆုံးရက် သတ်မှတ်ပေးထားသည်။
ဆောင်းဦးရာသီတွင် ရှီနှင့် တွေ့ဆုံရန် စီစဉ်ထားသည်ဟူသော သတင်းများနှင့် ပတ်သက်၍ မှတ်ချက်ပေးရန် တောင်းဆိုမှုကို ထရမ့်ပ်၏ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက တုန့်ပြန်ဖြေကြားခဲ့ခြင်း မရှိပေ။
Ref: သည်စထရိတ်တိုင်းမ်စ်
