ကမ္ဘာလုံးဆိုင်ရာ မီးသတ်စွမ်းရည်ပြိုင်ပွဲ ( Global Firefighters & Paramedics Challenge )အတွက် ယမန်နေ့ ဇူလိုင်လ (၁၆) ရက်တွင် ပဏာမအဆင့် လူရွေးချယ်ပွဲကို ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ ပဏာမလူရွေးချယ်ပွဲတွင် မီးသတ်သမားတစ်ဦးချင်းစွမ်းရည် Brave Heart (Individual)ကို မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့ဌာနချုပ် လေ့ကျင့်ရေးကွင်းအတွင်း ကျင်းပပြုလုပ်ခဲ့ကြခြင်းဖြစ်သည်။
လူရွေးချယ်ပွဲတွင် ရှာဖွေကယ်ဆယ်ရေး (အထူး)အဖွဲ့ဝင်များနှင့် နေပြည်တော်အပါအဝင် တိုင်းဒေသကြီး/ ပြည်နယ်အသီးသီးတို့မှ မီးသတ်တပ်ဖွဲ့ဝင် (၄၇) ဦးတို့ကို တစ်ဦးချင်း စံချိန်တင်စွမ်းရည်များ အပေါ်မူတည်၍ ပြိုင်ပွဲပြုလုပ်ကာပဏာမအဆင့် လူရွေးချယ်ခဲ့ကြခြင်းဖြစ်သည်။
မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့အနေဖြင့် Global Firefighters & Paramedics Challenge နိုင်ငံတကာအဆင့် တစ်ဦးချင်းမီး သတ်စွမ်းရည်ပြိုင်ပွဲများတွင် နိုင်ငံတကာ မီးသတ်တပ်ဖွဲ့ဝင်များအကြား မြန်မာနိုင်ငံကိုယ်စားပြု ဝင်ရောက်ယှဉ်ပြိုင်နိုင်ရန်နှင့် မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့၏ စွမ်းဆောင်ရည်သည် နိုင်ငံတကာ အဆင့်မီဖြစ်ကြောင်း နိုင်ငံဂုဏ်ဆောင်နိုင်ရန်အတွက်ရည်ရွယ်၍ ကြိုတင်ပြင်ဆင်လေ့ကျင့်ဆောင်ရွက် ခဲ့ခြင်းဖြစ်သည်ဟု မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့က အသိပေးထားသည်။
မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့၏ နိုင်ငံတကာအဆင့် အောင်မြင်မှုများအနေဖြင့် ၂၀၂၃ ခုနှစ် စင်္ကာပူနိုင်ငံ၊ မြို့ပြကာကွယ်ရေးတပ်ဖွဲ့မှ ကျင်းပခဲ့သည့် Singapore Global Firefighters & Paramedics Challenge (SGFPC 2023)ပြိုင်ပွဲတွင်နိုင်ငံပေါင်း(၁၃)နိုင်ငံမှ နိုင်ငံတကာမီး သတ်တပ်ဖွဲ့ဝင်များနှင့် ယှဉ်ပြိုင်ခဲ့ရာ အဖွဲ့လိုက် အသက်ကယ်စွမ်းရည်ပြိုင်ပွဲတွင် ပထမဆုနှင့် မီးသတ်သမားတစ်ဦးချင်းစွမ်းရည် Brave Heart (Individual) ပြိုင်ပွဲတွင် နိုင်ငံတကာအဆင့် တတိယဆု ဆွတ်ခူးကာ နိုင်ငံဂုဏ်ကို မြှင့်တင်ပေးနိုင်ခဲ့ကြောင်း သိရသည်။
အလားတူ မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူမြို့၌ ကျင်းပသည့် ၂၀၂၄ ခုနှစ်အပြည်ပြည်ဆိုင်ရာ မော်တော်ယာဉ် မတော်တဆမှု ကယ်ဆယ်ရေးပြိုင်ပွဲတွင် နိုင်ငံပေါင်း(၉)နိုင်ငံမှ ပြိုင်ပွဲဝင် အသင်း (၁၀) သင်းဖြင့် ယှဉ်ပြိုင်ခဲ့ရာ မြန်မာနိုင်ငံမီး သတ်တပ်ဖွဲ့မှ Best Team Leader ဆုကို ဆွတ်ခူးခဲ့ပြီး နိုင်ငံ့ဂုဏ်ဆောင်ကာ နိုင်ငံတကာ အဆင့်မီ မီးသတ်တပ်ဖွဲ့ တစ်ခုအဖြစ် ပြသနိုင်ခဲ့ကြောင်း သိရသည်။
