မြန်မာ-တရုတ်နှစ်နိုင်ငံသည် အိမ်နီးချင်းကောင်းမိတ်ဆွေနိုင်ငံများအဖြစ်ရပ်တည်လျက်ရှိသည်ဟု ဒု-ဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးသန်းဆွေမှ ဇွန် ၈ ရက်တွင်ကျရောက်သည့် မြန်မာ-တရုတ်သံတမန်ဆက်ဆံရေး (၇၅)နှစ်မြောက်စိန်ရတုအထိမ်းအမှတ်အဖြစ်နေပြည်တော်၌ကျင်းပသော ညစာစားပွဲတွင် အလေးထားပြောကြားခဲ့ခြင်းဖြစ်သည်။
နှစ်နိုင်ငံကြား အပြန်အလှန်လေးစားမှု၊ သာတူညီမျှမှုနှင့် ငြိမ်းချမ်းစွာအတူယှဉ်တွဲနေထိုင်ရေးမူဝါဒများကိုအခြေခံကာ အိမ်နီးချင်းကောင်းမိတ်ဆွေနိုင်ငံများအဖြစ်ရပ်တည်လျက်ရှိမှုကို ဝန်ကြီးဦးသန်းဆွေကအလေးထားပြောကြားခဲ့သည်။
ထို့ပြင် နှစ်နိုင်ငံဆက်ဆံရေးတွင် သိသာထင်ရှားသည့်သမိုင်းမှတ်တိုင်များဖြစ်သော ဘက်စုံမဟာ ဗျူဟာမြောက်ပူးပေါင်းဆောင်ရွက်မှု၊ မိတ်ဖက်ဆက်ဆံရေးကို အဆင့်မြှင့်တင်နိုင်ခဲ့ခြင်းနှင့် အိမ်နီးချင်းနိုင်ငံများကြား အေးအတူပူအမျှအသိုက်အဝန်းထူထောင်ရေးကို အခိုင်အမာသဘောတူညီခဲ့မှုအားဝမ်းမြောက်ဂုဏ်ယူသည်ဟုလည်း ပြောသည်။
ထို့အတူ မြန်မာနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံ သံအမတ်ကြီး မစ္စမာကျားမှလည်း နှစ်နိုင်ငံကြား ရှိရင်းစွဲချစ် ကြည်ရင်းနှီးမှုနှင့် ကဏ္ဍစုံမိတ်ဖက်ပူးပေါင်းဆောင် ရွက်မှုများနှင့် ဆက်လက်အကောင်အထည်ဖော်မည့် ကတိကဝတ်များကို နှုတ်ခွန်းဆက်စကားပြောကြားချိန်၌ ထည့်သွင်းပြောကြားခဲ့သည်။
ထို့နောက် မန္တလေးငလျင်ကြီးလှုပ်ခတ်ပြီးချိန်၌ တရုတ်နိုင်ငံမှ အရေးပေါ်ရှာဖွေကယ်ဆယ်ရေးအဖွဲ့များစေလွှတ်ခဲ့မှုကို ကျေးဇူးတင်ရှိအနေဖြင့် မြန်မာအစိုးရမှပေးအပ်သည့် အမှတ်တရဂုဏ်ပြုတံဆိပ်များအား တရုတ်သံအမတ်ကြီးထံသို့လွှဲပြောင်းပေးအပ်ခဲ့သည်။
ထို့ပြင် ဝန်ကြီးဦးသန်းဆွေနှင့် တရုတ်သံအမတ်ကြီးတို့က မြန်မာ-တရုတ် နှစ်နိုင်ငံသံတမန်ဆက်ဆံရေးထူထောင်မှု (၇၅)နှစ်မြောက် စိန်ရတုအထိမ်းအမှတ် ဂုဏ်ပြုကိတ်ကိုလှီးဖြ-တ်ပြီး ညစာသုံးဆောင်ခဲ့ကြသည်။
