မြန်မာ-တရုတ်ချစ်ကြည်ရေးအသင်း(ဗဟို)မှ မန္တလေးငလျင်ကြီးဒဏ်သင့်ခဲ့သည့် နေပြည်တော်၌ ထောက်ပံ့လှူဒါန်းမှုများကိုပြုလုပ်ခဲ့ကြကြောင်း သိရသည်။
မြန်မာ-တရုတ် ချစ်ကြည်ရေးအသင်း(ဗဟို)ဥက္ကဋ္ဌ ဦးတင်ဦးနှင့်တာဝန်ရှိသူများက ဇွန် ၇ ရက်နှင့် ၈ ရက်တို့တွင် ပုဗ္ဗသီရိမြို့နယ်၊ ကံလှကျောင်းတိုက်ရှိ ငလျင်ဒဏ်သင့် သိမ်ပြန်လည်တည်ဆောက်ရန်၊ ပျဉ်းမနားမြို့နယ်၊ ကျောင်းကုန်းပရိယတ္တိကျောင်းတိုက်၊ နံတော်စဉ်ပရိယတ္တိစာသင်တိုက်၊ တောင်သာ ဘိုးဘွားရိပ်သာ၊ သန္တာရာမ သီလရှင်စာသင်တိုက်၊ ကင်မွန်းတန်းသိမ် ဆွမ်းစားကျောင်း၊ ဇေယျာသီရိမြို့နယ်၊ ကျောက်ချက်(အလယ်ရွာ)ကျောင်းတို့အတွက် အလှူငွေကျပ်သိန်း(၂,၅၀၀)ထောက်ပံ့လှူဒါန်းခဲ့ကြကြောင်း သိရသည်။
ထို့အတူ ဇွန် ၂ ရက်နှင့် ၃ ရက်တို့ကလည်း စစ်ကိုင်းတိုင်းမှ အငြိမ်းစား ဆရာ/ဆရာမကြီးများ၏ နေအိမ်(၂)လုံး ဆောက်လုပ်ရန်၊ စစ်ကိုင်းပြည်သူ့ဆေး ရုံကြီး ECG စက်နှင့် လိုအပ်သောဆေးဝါးများ ဝယ်ယူရန်၊ မန္တလေးပြည်သူ့ဆေးရုံကြီး ECG စက်(၂) လုံး၊ ချွဲစုပ်စက်(၂)လုံး၊ သွေးစစ်ဌာနနှင့် ခွဲစိပ်ခန်းသုံးပစ္စည်းများ(၂)လစာ ဝယ်ယူရန်တို့အတွက် အလှူငွေကျပ်(၇၀၈)သိန်းကိုလည်း ထောက်ပံ့လှူဒါန်းခဲ့ကြကြောင်း သိရသည်။
