မြန်မာ – တရုတ် နယ်စပ်ကုန်သွယ်ရေးဂိတ်များ ပြန်လည်ဖွင့်လှစ်နိုင်ရန်အတွက် နှစ်ဘက်ဆွေးနွေးမှုများပြုလုပ်နေကြောင်း မူဆယ်နယ်စပ်ကုန်သည်များ၏ ပြောပြချက်အရ သိရသည်။
လားရှိုးမြို့သို့ တပ်မတော် ပြန်လည်ဝင်ရောက်ပြီးနောက် မန္တလေး – လားရှိုး – မူဆယ် ကုန်သွယ်ရေးလမ်းကြောင်း ပြန်လည်ဖွင့်လှစ်နိုင်ရန် ဆွေးနွေးညှိနှိုင်းမှုပြုလုပ်နေခြင်းဖြစ်ကြောင်း သိရသည်။
” အဓိကတော့ မန္တလေးပြည်မကြီးကနေ မူဆယ်ကို ကုန်စည်လမ်းကြောင်းပြန်ဖွင့်ဖို့ပေါ့။ ပြန်ဖွင့်နိုင်ဖို့လည်း မျှော်လင့်တယ်။ ဖွင့်ဖို့လည်းရာခိုင်နှုန်းများပါတယ်” ဟု မူဆယ်နယ်စပ်ကုန်သည်တစ်ဦးက ပေါ်ပြူလာနယူးစ်သို့ ပြောသည်။
ရှမ်းမြောက်တိုက်ပွဲများကြောင့် မြန်မာ – တရုတ်နယ်စပ်ကုန်သွယ်ရေး ရပ်တန့်ခဲ့ရပြီး လက်ရှိတွင် တရုတ်သို့ ပို့ကုန်များကို ရှမ်းပြည်နယ်အရှေ့ပိုင်းမှတဆင့် တင်ပို့နေရပြီး ကုန်ကျစရိတ်ပိုမိုကုန်ကျနေကြောင်း သိရသည်။
လက်ရှိတွင် ဒေသခံများ အဆင်ပြေစေရန် ဆင်ဖြူဂိတ်ကို ကုန်များ တနိုင်တပိုင်သယ်ရန် ဆိုင်ကယ်နှင့် စက်ဘီးများအတွက် ဖွင့်ပေးထားကာ နန်းတော်ဂိတ်မှ လူအဝင်အထွက်အတွက် ဖွင့်ပေးထားကြောင်း သိရသည်။
