ယနေ့ မတ်လ (၁)ရက်၌ Myanmar National League 2024-2025 အမှတ်ပေးဘောလုံးပြိုင်ပွဲ ပြီးဆုံးခဲ့ပြီဖြစ်ပြီး ရှမ်းယူနိုက်တက်အသင်းနှင့် ဟံသာဝတီ ယူနိုက်တက်အသင်းတို့ တောင်ကြီးကွင်းတွင် ယှဉ်ပြိုင်ကစားသွားကြမည့် နောက်ဆုံးပွဲနေ့လည်း ဖြစ်သည်။
ရှမ်းယူနိုက်တက်အသင်းသည် Myanmar National League ၏ (၅) ရာသီဆက်တိုက် ချန်ပီယံဆုကို ရရှိခြင်းဖြစ်ပြီး ၊ မြန်မာ့ ပရော်ဖက်ရှင်ဘောလုံး သမိုင်းအတွင်း အအောင်မြင်ဆုံး အသင်းအဖြစ် မှတ်တမ်းရေးထိုးမည့်နေ့ တစ်နေ့ဖြစ်ကြောင်း အသင်းက အသိပေးထားသည်။
ယနေ့ ဟံသာဝတီ ယူနိုက်တက်အသင်းဖြင့် ကစားအပြီး အမှတ်ပေးချန်ပီယံဆုပေးပွဲတဆက်တည်း ကျင်းပပြုလုပ်မည်ဖြစ်ကာ၊ အဆိုတော် မျိုးကြိုး၊ ဝိုင်ဝိုင်း၊ စိုင်းစိုင်းခမ်းလှိုင်တို့ ပါဝင်သီဆိုဖျော်ဖြေမည့် အသင်း၏ ဂီတဖျော်ဖြေပွဲကိုလည်း ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။
အသင်း၏ အောင်မြင်မှုအထိမ်းအမှတ် ဂီတဖျော်ဖြေပွဲအား အခမဲ့ ပြုလုပ်မည်ဖြစ်ခြင်းကြောင့် သမိုင်းဝင် နေ့ရက်တွင် အသင်းနှင့်အတူ ပါဝင်နိုင်ရန် ဖိတ်ခေါ်ထားသည်။
ပြီးဆုံးခဲ့ပြီ ဖြစ်သည့် (၁၅)ကြိမ်မြောက် Myanmar Nationa l League 2024-2025 အမှတ်ပေးဘောလုံးပြိုင်ပွဲကို ၂၀၂၄ ဇူလိုင်လ (၆) ရက်မှ ၂၀၂၅ မတ်လ (၁) ရက်ထိ ကျင်းပပြုလုပ်သွားခဲ့ခြင်းဖြစ်သည်။
