ဖေဖော်ဝါရီ ၂၃
ယူကရိန်းနိုင်ငံကို ရုရှားက မောင်းသူမဲ့လေယာဉ် ၂၆၇ စင်းကိုညတွင်းချင်း လွှတ်တင်ပျံသန်းတိုက်ခိုက်ခဲ့ပြီး အဆိုပါ တိုက်ခိုက်မှုသည် ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီ ကျူးကျော်မှုနောက်ပိုင်းတွင် စံချိန်တင် တိုက်ခိုက်ခဲ့ခြင်း ဖြစ်ကြောင်း ယူကရိန်းလေတပ်က တနင်္ဂနွေနေ့တွင် ပြောကြားခဲ့သည်။
လေတပ် ပြောခွင့်ရပုဂ္ဂိုလ် ယူရီ ဣဂနတ် က စနေနေ့ နှင့် တနင်္ဂနွေနေ့၏ ယူကရိန်းကောင်းကင်ယံ ထက်တွင် တွေ့ရှိခဲ့သည့် ဒရုန်း ၂၆၇ စင်းသည် တစ်ကြိမ်တည်း တိုက်ခိုက်မှုအတွက်အများဆုံး စံချိန်သစ် ဟုပြောဆိုခဲ့သည်။ ထိုတိုက်ခိုက်မှုသည် ခန့်မှန်းအားဖြင့် ကျူးကျော်မှုစတင်ခဲ့သည့် သုံးနှစ်အတွင်း အကြီးမားဆုံး တိုက်ခိုက်မှုဖြစ်သည်ဟုပြောခဲ့သည်။
၎င်းဒရုန်းများအနက် ၁၃၈ စင်းကို လေကြောင်းရန် ကာကွယ်ရေးမှ ကြားဖြတ်တိုက်ခိုက်ဖျက်ဆီး ဟန့်တားနိုင်ခဲ့ပြီး ၁၁၉ စင်းမှာ ထိခိုက်မှုမရှိဘဲ ပျောက်ဆုံးသွားခဲ့ကြောင်း ၎င်းက Facebook တွင် ရေးသားထားသည်။ ကျန်သောဒရုန်း ၁၀ စင်း က မည်ကဲ့သို့ ဖြစ်သွားသည်ကို ၎င်းက မပြောခဲ့သော်လည်း သီးခြား လက်နက်ကိုင် တပ်ဖွဲ့များ၏ Telegram တွင် ထုတ်ပြန်ချက်အရ ကိယက်ဗ် အပါအဝင် ဒေသအများအပြားကို “ထိမှန်” ခဲ့သည်ဟု ဆိုကြသည်။
စနေနေ့နှောင်းပိုင်းက ရုရှားနိုင်ငံမှ ဒုံးကျည်ဖြင့် တိုက်ခိုက်မှုကြောင့် ကီရီဗီ ရိ မြို့အလယ်ပိုင်းတွင် လူတစ်ဦး သေဆုံးပြီး ငါးဦး ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံ အာဏာပိုင်များက တနင်္ဂနွေနေ့တွင် ပြောကြားခဲ့သည်။
နေ့စဉ်ဖြစ်ပွားနေသော ရုရှား၏တိုက်ခိုက်မှုများကို တားဆီးရန် ကြိုးပမ်းမှုအနေဖြင့် ယူကရိန်းသည် တိုက်ပွဲအစပိုင်းမှစ၍ ရုရှား၏ရှေ့တန်း ထောက်ပံ့ပို့ဆောင်ရေးလိုင်းများကို ဖျက်ဆီးရန် အစဉ်အမြဲ ကြိုးစားခဲ့သည်။ အထူးသဖြင့် ရုရှားနိုင်ငံအတွင်းရှိ စစ်အခြေစိုက်စခန်းများနှင့် စက်မှုဇုန်များကို တိုက်ရိုက်တိုက်ခိုက်ခြင်းများ လုပ်ဆောင်နေသည်။
တစ်ချိန်တည်းမှာပင် ရုရှားနိုင်ငံကို တိုက်ခိုက်သည့် ယူကရိန်း၏ ဒရုန်းအစင်း ၂၀ သည် ညတွင်းချင်းတွင် “ဖျက်ဆီးနိုင်ခဲ့သည်” ဟု ရုရှားကာကွယ်ရေးဝန်ကြီးဌာနက တနင်္ဂနွေနေ့တွင် ထုတ်ပြန်ခဲ့သည်။
ရုရှားသည် ၂၀၂၂ ခုနှစ်ဖေဖော်ဝါရီ ၂၄ ရက်တွင် ယူကရိန်းကို စတင်ကျူးကျော်ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး ၎င်း၏ ရည်ရွယ်ချက်မှာ နေတိုး (NATO) အဖွဲ့နယ်ချဲ့မှု၏ ခြိမ်းခြောက်မှုမှ မိမိကိုယ်ကို ကာကွယ်ရန်ဖြစ်ကြောင်း ရုရှားအစိုးရ ခရမ္မလင်နန်းတော်က ပြောကြားခဲ့သည်။
Ref: မိုင် နယူးစ်
