မြန်မာနိုင်ငံတွင်လိုအပ်လျက်ရှိသည့် လျှပ်စစ် ဓာတ်အားထုတ်လုပ်ရေးအတွက် ရုရှားနိုင်ငံမှရင်းနှီးမြှုပ်နှံမှုများဆောင်ရွက်ရန်အသင့်ရှိသည်ဟု ရုရှားနိုင်ငံ၊ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုဝန်ကြီးဌာန၊ ဝန်ကြီး H.E. Maxim RESHETNIKOV ကဆွေးနွေးပြောကြားသည်။
နစက ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်အား ရုရှားနိုင်ငံ၊ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုဝန်ကြီးဌာန၊ ဝန်ကြီး H.E. Maxim RESHETNIKOV မှ ယနေ့ ဖေဖော်ဝါရီ ၂၂ ရက်နေ့လည်ပိုင်းက နေပြည်တော်၌လာရောက်တွေ့ဆုံစဥ် ဆွေးနွေးပြောကြားခဲ့ခြင်းဖြစ်သည်။
တွေ့ဆုံစဥ် ရုရှားနိုင်ငံ၊ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုဝန်ကြီးဌာန၊ ဝန်ကြီး H.E. Maxim RESHETNIKOV မှ မြန်မာနိုင်ငံတွင်လိုအပ်လျက်ရှိသည့် လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေး၊ ဓာတ်မြေသြဇာထုတ်လုပ်ရေး၊ ရေနံနှင့်ဓာတုထုတ်ကုန်ပစ္စည်းများထုတ်လုပ်ရေးတို့တွင် ရုရှားနိုင်ငံမှ ရင်းနှီးမြှုပ်နှံမှုများဆောင်ရွက်ရန် အသင့်ရှိနေသည်ဟု ဆွေးနွေးပြောကြားသည်။
ထို့ပြင် ၎င်းတို့နှစ်ဦးသည် မြန်မာနိုင်ငံနှင့် ရုရှားနိုင်ငံတို့ကြား ကောင်းမွန်သည့်ဆက်ဆံရေးနှင့် ပူးပေါင်းဆောင်ရွက်မှုများရှိပြီး စီးပွားရေးဆိုင် ရာများတွင် နယ်ပယ်ပေါင်းစုံ၊ ကဏ္ဍပေါင်းစုံ၌ အကျိုးတူပူးပေါင်းဆောင်ရွက်မှုများကို ပိုမိုတိုးမြှင့်ဆောင်ရွက်သွားရန် ဆွေးနွေးခဲ့ကြသည်။
ထို့အတူ ရုရှားနိုင်ငံအနေဖြင့် မြန်မာနိုင်ငံတွင်ကြုံတွေ့ခဲ့ရသည့် သဘာဝဘေးအန္တရာယ်အပါအဝင် အခြားလိုအပ်သည့်အချိန်တိုင်း၌ အကူအညီများပေးအပ်ခဲ့မှု၊ မြန်မာနိုင်ငံအတွင်း ရင်းနှီးမြှုပ်နှံမှုများ တိုးမြှင့်ဆောင်ရွက်သွားမည်ဖြစ်ပြီး စီမံကိန်းများချမှတ်ဆောင်ရွက်ရာတွင် ကျွမ်းကျင်လုပ်သားများရရှိရေး၊ အခြေခံလိုအပ်ချက်များပြည့်စုံမှုရှိစေရေးတို့အပါအဝင် ရေရှည်အကျိုးကိုကြည့်၍ သုတေသနပြုစနစ်တကျတွက်ချက်ဆောင်ရွက်ရေးတို့ကိုလည်း ဆွေးနွေးခဲ့ကြသည်။
ထို့ပြင် နိုင်ငံအချင်းချင်းပူးပေါင်းဆောင်ရွက်မှု၊ ပုဂ္ဂလိကရင်းနှီးမြှုပ်နှံမှုများတိုးမြှင့်ဆောင်ရွက်သွားရေးအတွက် ဆွေးနွေးသွားမည်ဖြစ်ကာ မြန် မာနိုင်ငံနှင့်ရုရှားနိုင်ငံတို့ကြား စီးပွားရေးနယ်ပယ်ပေါင်းစုံတွင် ပူးပေါင်းဆောင်ရွက်မှုများ ဆက်လက်တိုးမြှင့်ဆောင်ရွက်သွားရေးတို့ကိုလည်း ဆွေးနွေးခဲ့ကြသည်။
