ပြည်ပမှ တင်သွင်းခွင့်ပြုထားသော ဘိလပ်မြေများသည် ရန်ကုန်ဆိပ်ကမ်းသို့ ရောက်ရှိပြီဖြစ်ကြောင်း ဘိလပ်မြေတင်သွင်းမှုနှင့်သက်ဆိုင်သည့် တာဝန်ရှိသူများက အသိပေးထုတ်ပြန်ထားသည်။
ယခုအချိန်သည် ပွင့်လင်းရာသီသို့ ရောက်ရှိလာပြီဖြစ်ပြီး နိုင်ငံတစ်ဝန်းတွင် ဆောက်လုပ်ငန်းများအား အရှိန်အဟုန်ဖြင့်ဆောင်ရွက်လျက်ရှိရာ ထိုသို့တည်ဆောက်မှုလုပ်ငန်းများအတွက် ယခုကာလအတွင်း လိုအပ်သည့် ပြည်တွင်းဘိလပ်မြေလိုအပ်ချက်ကို ပြည့်မီစေရန်နှင့် ပြည်တွင်း ထုတ်လုပ်မှုအား အင်အားဖြည့်တင်းပေးနိုင်ရန်အတွက် ပြည်ပမှ ဘိလပ်မြေများကို တင်သွင်းခွင့်ပြုထားခြင်းဖြစ်သည်။
ယခုအခါ ကော့သောင်းနယ်စပ်ကုန်သွယ်ရေးစခန်းမှတစ်ဆင့် တင်သွင်းလာသော ဘိလပ်မြေ တန်ချိန် ၃,၀၀၀ ကို တင်ဆောင်လာသည့် ရေယာဉ်သည် ရန်ကုန်မြို့၊ ရွှေပြည်သာ မုတ္တမဆိပ်ကမ်းသို့ ဖေဖော်ဝါရီလ ၂၁ ရက်နေ့၊ နေ့လယ် ၁ နာရီ ၁၅ မိနစ် အချိန်၌ ရောက်ရှိခဲ့ပြီး ယနေ့တွင် ဈေးကွက်အတွင်း ဖြန့်ဖြူးရန်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ပြည်တွင်းဆောက်လုပ်ရေးလုပ်ငန်းများအတွက် ယခုကာလအတွင်း လိုအပ်သော ဘိလပ်မြေကို တင်သွင်းခွင့်ပြုထားပြီး ယခုရေယာဉ်အပြင် ကျန်ဘိလပ်မြေတင်ဆောင်လာသည့် ရေယာဉ်များပါ အပတ်စဉ်ဆက်လက်ရောက်ရှိလာမည်ဖြစ်ကြောင်း သိရသည်။
