တိုက်ပွဲများဖြစ်ပွားနေသည့် ကချင်ပြည်နယ် ၊ ဗန်းမော်မြို့ရှိ ဒေသခံ စစ်ရှောင်နေအိမ်များအတွင်း အုပ်စုဖွဲ့ ဖောက်ထွင်းခိုးယူနေမှုများ ရှိနေကြောင်း သိရသည်။
အဆိုပါ ဖောက်ထွင်းခိုးယူမှုများမှာ ရိုးကြီးရပ်ကွက်နှင့် ဟန်တဲရပ်ကွက်တို့တွင် အများဆုံးဖြစ်ပွားနေပြီး၊ အခြားရပ်ကွက်များရှိ အိမ်စောင့်မကျန်ရှိသည့် နေအိမ်များတွင်လည်း ဖောက်ထွင်းခိုးယူခံနေကြရကြောင်း စစ်ရှောင်အရေးကူညီဆောင်ရွက်နေသူတစ်ဦးထံက သိရသည်။
ထိုသို့ ခိုးယူရာတွင် နေအိမ်ပြန်လာကြည့်ရှု့သည့် အိမ်ရှင်များကိုပင်နှင့် နောက်ပြန်မလာရန်နှင့် ပြန်လာလျှင် သ-တ်ပစ်မည်ဟု ခြိမ်းခြောက်မှုများလည်းရှိနေသည်ဟုဆိုသည်။
“အခုက ရပ်ကွက်အလိုက် အနည်းနဲ့အများဘဲ။ ရိုးကြီးနဲ့ ဟန်တဲက အဆိုးဆုံးဖြစ်နေတာ။ ပစ်ခတ်သံတွေရှိနေရင် ငြိမ်နေတယ်။ ပစ်ခတ်သံမရှိတဲ့ ညတွေဆို အုပ်စုဖွဲ့ ထွက်ခိုးကြတာ။ ကိုယ့်အိမ်ကိုယ် အခြေအနေပြန်ကြည့်တဲ့ သူတောင်နောက် ပြန်မလာနဲ့ ပြန်လာရင်သ-တ်ပစ်မယ်လို့တောင်ခြိမ်းခြောက်ခံရသူတွေရှိတယ်”ဟု ဆိုသည်။
လက်ရှိ လူနေအိမ်များတင်မက ဗန်းမော်မြို့ သိမ်မဟာစေတီတော် စိန်ဖူးတော်နှင့် ရတနာရွှေကြုပ်မှာလည်း ပျောက်ဆုံးနေကြောင်း စစ်ရှောင်အရေးဆောင်ရွက်ပေးနေသူတစ်ဦး၏ အသိပေးပြောကြားချက်အရ သိရသည်။
စိန်ဖူးတော်နှင့် ရတနာရွှေကြုပ်ပျောက်ဆုံးနေမှုအပေါ် စစ်ဘေးရှောင် ကူညီကယ်ဆယ်ရေး ခရီးစဉ်အတွင်း လိုက်ပါလာသည့် ဉူးဇင်း တစ်ပါး၏ မိန့်ကြားချက်ကြောင့် သိရှိရခြင်းဖြစ်ပြီး၊ ပြီးခဲ့သည့် ဇန်နဝါရီလဆန်းပိုင်းအချိန်ခန့်၌ သိမ်ကျောင်းအတွင်းသို့ ဉူးဇင်းတစ်ပါးဝင်ရောက်ကြည့်ရှု့ရာတွင် သိမ်မဟာစေ တီတော်ကြီး၏ ထီးတော်အပေါ်ရှိ ရ တနာရွှေကြုပ်နှင့် ဘုရားစိန်ဖူးတော် မရှိတော့ သည်ကို သိရှိခဲ့ကြရခြင်း ဖြစ်သည်ဟု အသိပေး ပြောကြားထားသည်။
ပျောက်ဆုံးနေမှုအပေါ် ဘူးတောင်းရွာတွင် ခေတ္တ စစ်ရှောင် သီတင်းသုံးနေသည့် သိမ်တော်ကြီးကျောင်းထိုင် ဆရာတော်ကြီးအား လျှောက်ထားပြီးဖြစ်သည်ဟု ဆိုသည်။
တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေသည့် ဗန်းမော်မြို့တွင် မြို့ပေါ် ရပ်ကွက် (၁၄) ရပ်ကွက်ရှိပြီး၊ ဗန်းမော်မြို့နယ်အတွင်း မြို့နယ်ပေါင်း(၄၅)မြို့နယ်ရှိကြောင်း သိရသည်။
ဗန်းမော်မြို့ တိုက်ပွဲကြောင့် မန္တလေးမြို့အပါအဝင် ဗန်းမော်မြို့ အနီးပတ်ဝန်းကျင်းရှိ ဒေါ့ဖုန်ယန်၊ မိုးမောက်၊ မံစီ မြို့န ယ်များသို့တိမ်းရှောင်နေသူများရှိသလို ဧရာဝတီမြစ် တစ်ဖ က်ကမ်းရှိ မြလယ်၊ စင်ခန်း၊ ကွေ့ကြီး၊ ဟန်ထက်၊ မာန်မကောက်၊ ကောင်းတုန်၊ ဆူးပုပ်ကုန်း၊ မာန်တဲ၊ မုန်းခေါင်၊ လိုင်ကာ၊ မုန်းဒိန်ပါ စသည့်ကျေး ရွာများသို့ တိမ်းရှောင်နေကြ
သူများလည်း ရှိကြောင်း စစ်ရှောင်အရေးဆောင်ရွက်ပေးနေသူများထံက သိရသည်။
ဓာတ်ပုံ-CJ
