ရှမ်းပြည်အရှေ့ပိုင်း၊ တာချီလိတ်မြို့သို့ စက်သုံးဆီများ ရောက်ရှိလာပြီဖြစ်သည့်အတွက် ယင်းစက်သုံးဆီများကို ဈေးနှုန်းသက်သာစေရေးနှင့် စက်သုံးဆီများပြတ်လပ်မှု မဖြစ်ပေါ်စေရေးဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
စက်သုံးဆီများ ဈေးနှုန်းသက်သာစွာဖြန့်ဖြူးရောင်းချနိုင်ရေး ယနေ့ ဖေဖော်ဝါရီ (၂၀) ရက် မွန်းလွဲပိုင်းအချိန်၌ ညှိနှိုင်းအစည်းအဝေးတစ်ခု ပြုလုပ်ခဲ့ကြကြောင်း သိရသည်။
အဆိုပါ အစည်းအဝေးအတွင်း ထိုင်းနိုင်ငံမှ စက်သုံးဆီတင်ပို့မှု ရပ်ဆိုင်းခဲ့သဖြင့် ဒေသတွင်း စက်သုံးဆီ ပြတ်လပ်မှု မဖြစ်ပေါ်စေရေးနှင့် ဈေးနှုန်းသက်သာစေရေးအတွက် Max Mega Power Myanmar Co,Ltd နှင့် Golden Gate Energy Co,Ltd တို့မှ ပူး ပေါင်း၍ ရန်ကုန်မြို့ရှိ ဆိပ်ကမ်းများမှတဆင့် တာချီလိတ်စက်သုံးဆီလုပ်ငန်းရှင်များအသင်းက စက်သုံးဆီသယ်ယူဖြန့်ဖြူး ရောင်းချသွားမည့် ကိစ္စရပ်များကို ညှိနှိုင်းဆွေးနွေးခဲ့ကြောင်း သိရသည်။
ညှိနှိုင်းချက်များအရ 92 အောက်တိန်း ဓာတ်ဆီ (၁)လီတာလျှင် ဒေသသုံး ထိုင်းဘတ်ငွေ (၃၆) ဘတ်၊ 95 အောက်တိန်း ဓာတ်ဆီ (၁)လီတာလျှင် (၃၇) ဘတ်၊ HSD ဒီဇယ် (၁)လီတာလျှင် (၃၃ ဒဿမ ၅) ဘတ်၊ ပရီမီယမ် ဒီဇယ် (၁) လီတာလျှ င် (၃၇ ဒဿမ ၅) ဘတ်ဖြင့် ရောင်းချရန် ညှိနှိုင်းခဲ့ပြီး ဆီများဆက်လက်ရောက်ရှိပါက ဈေးနှုန်းများကို ထပ်မံလျော့ချပေးသွားမည်ဖြစ်ကြောင်း သိရသည်။
လက်ရှိ ရောက်ရှိနေသည့် စက်သုံးဆီယာဉ် (၁၁)စီးမှ တာချီလိတ်မြိုရှိ စက်သုံးဆီဆိုင် (၂၃)ဆိုင်အား အချိုးကျ ခွဲဝေပေးနိုင်ရန်အတွက် တာချီလိတ် မြို့ စက်သုံးဆီ လုပ် ငန်းရှင်အသင်းမှ ဦးဆောင်သွားမည်ဖြစ်ပြီး ၊ ဒေသတွင်း စက်သုံးဆီ လိုအပ်ချက် ပြတ်လပ်မှု မရှိစေရေးအတွက် စီစဉ်ထားရှိကြောင်း သိရှိရသည်။
“ဒီနေ့ ရောက်ရှိလာတဲ့ စက်သုံးဆီကားတွေအပြင် ကာလိမှာ ရပ်ခဲ့တဲ့ စက်သုံးဆီ ကားတွေရှိသေးတယ်။ ရက်ခြားပြီး ထပ်ဝင်မှာဖြစ်တာကြောင့် မြို့နယ်အတွင်း စက်သုံးဆီ ပြတ်လပ်မှု မဖြစ်ပေါ်နိုင်အောင် ဆောင်ရွက်ထားးရှိထားပါတယ်” ဟု စက်သုံးဆီလုပ်ငန်းရှင် ဦးကျော်လင်းက ပြောကြားထားသည်။
ရန်ကုန်တိုင်း သီလဝါဆပ်ကမ်းမှ တဆင့် တာချီလိတ်မြို့သို့ ရောက်ရှိလာသည့် စက်သုံးဆီယာဉ်များမှာ တာကော်တံတား၏ ကြံ့ခိုင်မှု အခြေအနေအရ ကားသေးများဖြင့် တဆင့် ခေါက်ပြန်သယ်ယူနေရကြောင်း သိရသည်။
