၂၀၂၅ ခုနှစ်အတွင်း အာဆီယံနှင့် ရုရှားနိုင်ငံအကြား ပူးပေါင်းဆောင်ရွက်သွားမည့် ဦးစားပေး အစီအစဉ်များနှင့် ပတ်သက်၍ (၂၁)ကြိမ်မြောက် အာဆီယံ – ရုရှား အဆင့်မြင့်အရာရှိကြီးများ အစည်းအဝေးတွင် ဆွေးနွေးခဲ့ကြကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။
အာဆီယံ-မြန်မာ အဆင့်မြင့် အရာရှိကြီးဖြစ်သူ နိုင်ငံခြားရေးဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန်သည် ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီ (၁၈) ရက်မှ (၁၉) ရက်အထိ အင်ဒိုနီးရှားနိုင်ငံ၊ ဂျကာတာမြို့ရှိ အာဆီယံအတွင်းရေးမှူးချုပ်ရုံး၌ ပြုလုပ်ခဲ့ခြင်းဖြစ်သည်။
(၂၁)ကြိမ်မြောက် အာဆီယံ-ရုရှား အဆင့်မြင့် အရာရှိကြီးများအစည်းအဝေးကို ရုရှားနိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး H.E. Andrey Rudenko နှင့်အတူ ပူးတွဲသဘာပတိများအဖြစ် ကြီးမှူးကျင်းပခဲ့ကြောင်း သိရသည်။
အဆိုပါ အစည်းအဝေးသို့ အာဆီယံနိုင်ငံများမှ ကိုယ်စားလှယ်များနှင့် အာဆီယံ အတွင်းရေးမှူးချုပ်ရုံးမှ ဒုတိယအတွင်းရေးမှူးချုပ်တို့ ပါဝင်တက်ရောက်ခဲ့ကြကြောင်း သိရသည်။
၎င်းအစည်းအဝေး၌ အာဆီယံနှင့် ရုရှားနိုင်ငံတို့၌ ဖြစ်ပေါ်တိုးတက်မှုများ၊ လက်ရှိ အာဆီယံ-ရုရှား လုပ်ငန်း အစီအစဉ် (၂၀၂၁-၂၀၂၅) အကောင်အထည်ဖော်မှုနှင့်ပတ်သက်သည့် ဖြစ်ပေါ်တိုးတက်မှုများ၊ အာဆီယံနှင့် ရုရှားနိုင်ငံအ ကြား ယခုနှစ်အတွင်း ပူးပေါင်းဆောင်ရွက်သွားမည့် ဦးစားပေးအစီအစဉ်များနှင့်ပတ်သက်၍ အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
