အမေရိကန် Apple နဲ့ Google ရဲ့ app store တွေမှာ TikTok ကို ကြာသပတေးနေ့က စပြီး ပြန်ဒေါင်းလို့ရပြီလို့ သိရပါတယ်။ သမ္မတ ဒေါ်နယ်ထရမ့်က TikTok ပိတ်ပင်တားမြစ်မှုအကောင်အထည်ဖော်ခြင်းကို ရက်ရွှေ့ဆိုင်းလိုက်တဲ့နောက်ပိုင်းမှာ ခုလို ပြန်လည်ရရှိလာတာပါ။
Bloomberg နဲ့ CNBC သတင်းဌာနတွေကလည်း TikTok ကို ကြာသပတေးနေ့ညနေပိုင်းမှာ app store တွေကနေ ပြန်ဒေါင်းလို့ရလာကြောင်း သတင်းထုတ်ပြန်ခဲ့ပါတယ်။ CNN က ဖုန်းအမျိုးမျိုးမှာ app ကို ဒေါင်းလုဒ်လုပ်ဖို့ ကြိုးစားကြည့်တဲ့အခါ app store တွေမှာ ကြာသပတေးနေ့ညနေပိုင်းမှာ ဒေါင်းလို့ရလာတယ်လို့ ဆိုပါတယ်။
TikTok ရဲ့ မသေချာတဲ့ အနာဂတ်က ပြီးခဲ့တဲ့နှစ် ဧပြီလအတွင်း သမ္မတ ဂျိုးဘိုင်ဒင် က လက်မှတ်ရေးထိုးခဲ့တဲ့ ဥပဒေကြောင့် ဖြစ်ပါတယ်။ အဲဒီဥပဒေက TikTok ကို အမေရိကန် ဒါမှမဟုတ် ၎င်းရဲ့မဟာမိတ်တစ်ဦးဦးဆီကို ရောင်းချဖို့ ဒါမှမဟုတ် အမေရိကန်ရဲ့ အမျိုးသားလုံခြုံရေး စိုးရိမ်မှုတွေအပေါ် အခြေခံပြီး ပိတ်ပင်တားမြစ်မှုကို ရင်ဆိုင်ရဖို့ စီစဉ်ချမှတ်ခဲ့တာပါ။
TikTok က ဒီနှစ် ဇန်နဝါရီလအတွင်း အမေရိကန်မှာ ၁၄ နာရီလောက် ပိတ်သွားခဲ့ပေမယ့် ဆက်ပြီးရှိနေစေရမယ်လို့ ဒေါ်နယ်ထရမ့်က သမ္မတရွေးကောက်ပွဲမှာ ကတိပေးခဲ့တာကြောင့် မြန်မြန်ပြန်ရခဲ့တယ်လို့ ဆိုပါတယ်။
ဒါပေမယ့် app store တွေမှာ TikTok ကို ဒေါင်းလို့တော့ မရကြတော့ပါဘူး။ အဲဒီကတည်းက ဒေါင်းလို့မရတော့တဲ့ TikTok ဟာ မနေ့ ကြာသပတေးနေ့ ညနေပိုင်းမှ ပြန်ဒေါင်းလို့ရလာတာပဲဖြစ်ပါတယ်။
