မော်စကို၊ဖေဖော်ဝါရီ ၁၂
တရုတ်၏ ဥာဏ်ရည်တု (AI) အပလီကေးရှင်း DeepSeek သည် ၎င်း၏ အရည်အသွေးမြင့်နည်းပညာနှင့် အလွယ်တကူသုံးစွဲနိုင်မှုတို့ကြောင့် ရုရှားအသုံးပြုသူများအကြား ရေပန်းစားလာကြောင်း RIA သတင်းဌာနကဖော်ပြခဲ့သည်။
“DeepSeek ကိုတီထွင်ခဲ့တဲ့ကုမ္ပဏီရဲ့ ဘာသာစကားအမြောက်အများထည့်သွင်းထားမှုနဲ့ အရည်အသွေးမြင့်နည်းပညာရယ် DeepSeek မှာရရှိနိုင်တဲ့ ဖန်တီးတီထွင်ထားနိုင်မှုတွေကြောင့် အဓိကလူကြိုက်များလာရတာပါ” ဟုလည်း ရုရှား၏အကြီးဆုံးမိုဘိုင်းအော်ပရေတာ MTS ကထုတ်ပြန်ခဲ့သည်။
ChatGPT နှင့်မတူဘဲ DeepSeek သည် အခမဲ့အသုံးပြုနိုင်ကာ ရုရှား၌ အလွယ်တကူဒေါင်းလုတ်ခ်ဆွဲအသုံးပြုနိုင်ခြင်းကြောင့် ရေပန်းစားလာခြင်းဖြစ်သည်ဟုလည်းသိရသည်။
အကယ်၍ DeepSeek ကဲ့သို့သော အခမဲ့အသုံးပြုနိုင်သည့် AI အပလီကေးရှင်းများတိုးများလာပါက ChatGPT ကိုအသုံးပြုသူ တဖြည်းဖြည်းနည်းလာနိုင်သည်ဟုလည်းပြောကြားခဲ့သည်။
ရုရှားမိုဘိုင်းအော်ပရေတာ t2 နှင့် Yota တို့သည် နိုင်ငံတစ်ဝန်း DeepSeek ကို စိတ်ဝင်စားမှု မြင့်မားလာကြောင်း ယခင်ကတည်းက သတိပြုမိခဲ့ပြီး ဇန်နဝါရီလတွင် DeepSeek အသုံးပြုသူများသည် ChatGPT ထက် ၁၅ ရာခိုင်နှုန်းပိုမိုများပြားခဲ့ကြောင်း t2 မှထုတ်ပြန်သည့်အချက်အလက်များအရသိရသည်။
Source : ရှင်းဟွာ
