ဂွါတီမာလာမြို့တော် အစွန်အဖျားတစ်နေရာတွင် တနင်္လာနေ့က ဘတ်စ်ကားတစ်စီး ချောက်ထဲထိုးကျခဲ့သဖြင့် လူ ၅၅ ဦးထက်မနည်း သေဆုံးခဲ့သည်။
အခင်းဖြစ်ပွားရာနေရာတွင် ရုပ်အလောင်း ၅၃ လောင်းကို ပြန်လည်ရယူနိုင်ခဲ့သည်ဟု ပြည်သူ့ရေးရာဝန်ကြီးဌာနမှ စုံစမ်းစစ်ဆေးသူများက ပြောဆိုခဲ့ပြီး San Juan de Dios ဆေးရုံကို တင်ပေးခဲ့သည့် ခရီးသည်နှစ်ဦးလည်း သေဆုံးခဲ့သည်ဟု အတည်ပြုခဲ့သည်။
မနက်အရုဏ်မတက်ခင်အချိန်က ယာဉ်အစုလိုက်ဆင့်တိုက်မှုဖြစ်စဉ်တစ်ခုကြောင့် ဘတ်စ်ကားသည် လမ်းပေါ်မှ ချော်ထွက်ကာ တံတားတစ်စင်းအောက်ရှိ ချောက်နက်အတွင်း ထိုးကျခဲ့ခြင်းဖြစ်သည်ဟု မီးသတ်တပ်ဖွဲ့ပြောရေးဆိုခွင့်ရှိသူ Edwin Villagran က ပြောဆိုခဲ့သည်။ ဒဏ်ရာအပြင်းအထန်ရခဲ့သူများလည်း ရှိခဲ့ကြောင်း သိရသည်။
ဘတ်စ်ကားသည် ပေ ၁၁၅ ပေအနက်ရှိ မိလ္လာရေဆိုးများ ရောစပ်နေသော ချောင်းထဲထိုးကျခဲ့ပြီး ချောင်းထဲတွင် ယာဉ်ကိုယ်ထည်တစ်ပိုင်း ခေါင်းစိုက်လျက် နစ်မြုပ်သွားခဲ့သည်။
ဘတ်စ်ကားသည် မြို့တော် အရှေ့မြောက်ဘက် Progreso မှ မောင်းနှင်လာခြင်းဖြစ်သည်။ သေဆုံးဒဏ်ရာရသူများတွင် ကလေးငယ်များလည်း ပါဝင်သည်ဟု မီးသတ်တပ်ဖွဲ့ ပြောရေးဆိုခွင့်ရှိသူ အော်စကာ ဆန်းချက်ဇ်က ပြောဆိုသည်။
ယခုအဖြစ်ဆိုးအတွက် ဝမ်းနည်းကြေကွဲရကြောင်းနှင့် တစ်ရက်တာ နိုင်ငံတော် ဝမ်းနည်းကြေကွဲဖယ်နေ့အဖြစ် သတ်မှတ်ကြောင်း ကြေညာခဲ့သည်။
Ref: ယဟျူးနူးစ်
