မနီလာ၊ဖေဖော်ဝါရီ ၈
၂၀၂၄ ခုနှစ်အတွင်း လိင်ပိုင်းဆိုင်ရာ ရာဇ၀တ်မှုများဖြင့် ပြစ်ဒဏ်ကျခံဖူးသော အမေရိကန်နိုင်ငံသား ၁၀၉ ဦးအပါအဝင် နိုင်ငံခြားသား ၁၃၇ ဦးကို ဖိလစ်ပိုင်နိုင်ငံအတွင်း သို့ ဝင်ရောက်ခွင့် ကို ပိတ်ပင်ခဲ့ကြောင်း ဖိလစ်ပိုင်လူဝင်မှုကြီးကြပ်ရေးဗျူရိုက စနေနေ့က ပြောကြားခဲ့သည်။
အဆိုပါလိင်ပြစ်မှုကျူးလွန်ထားသူများကို ပြည်ဝင်ခွင့်ကိုပိတ်လိုက်သကဲ့သို့ အမည်ပျက်စာရင်းသွင်းကာ နောက်တစ်ကြိမ်ပြည်ဝင်ခွင့်မရရန် ရာသက်ပန်ပိတ်လိုက်ခြင်းဖြစ်ကြောင်းသိရသည်။
ပြစ်မှုကျူးလွန်သူများအနက် ၁၁၂ ဦး ကို မနီလာရှိ Ninoy Aquino အပြည်ပြည်ဆိုင်ရာလေဆိပ်တွင်တားဆီးနိုင်ခဲ့ကာ အယောက် ၂၀ ကို ဖိလစ်ပိုင်အလယ်ပိုင်း ရှိ မတ်တန်-စီဘူး အပြည်ပြည်ဆိုင်ရာလေဆိပ်တွင်လည်းကောင်း၊ကျန် ၅ ယောက်ကို မနီလာမြို့မြောက်ဘက် ရှိ ကလပ် အပြည်ပြည်ဆိုင်ရာလေဆိပ်တွင်လည်းကောင်းအသီးသီးဖမ်းမိခဲ့ခြင်းဖြစ်သည်ဟုသိရသည်။
“ကျွန်တော်တို့ရဲ့ လူဝင်မှုကြီးကြပ်ရေးဥပဒေတွေအရ ကိုယ်ကျင့်တရားပျက်ပြားမှုဆိုင်ရာ ရာဇ၀တ်မှုတွေနဲ့ ပြစ်ဒဏ်ကျခံနေရတဲ့ နိုင်ငံခြားသားတွေကို ဝင်ရောက်ခြင်းမပြုဖို့ အတိအလင်းတားမြစ်ထားပြီး သူတို့ကို ဝင်ခွင့်မပေးဘို့ ဒီအတိုင်းပဲ ဆက်ပြီး တင်းကြပ်နေမှာပါ” ဟုလည်းတာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။
Source : ရှင်းဟွာ
