အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်က ရုရှားသမ္မတ ဗလာဒီမာပူတင်နှင့် သူ စကားပြောခဲ့ကြောင်း စနေနေ့က ဖော်ပြသည့် အင်တာဗျူးတစ်ခုတွင် ထုတ်ဖော်ပြောကြားလိုက်သည်။
“လူတွေ သေေကျနေတာကို သူ ရပ်တန့်ချင်နေပါတယ်” ဟု ထရမ့်ပ်က နူးယော့ခ်ပို့စ်ကို ပြောကြားခဲ့သည်။
ခေါင်းဆောင်နှစ်ဦး ဖုန်းပြောခဲ့ခြင်းသည် ဇန်နဝါရီလအတွင်း ထရမ့်ပ် ရာထူးထမ်းဆောင်ပြီးနောက် ပြောခဲ့ခြင်းလားဆိုသည်နှင့် အကြိမ်ရေမည်မျှ ပြောခဲ့သလဲဆိုသည်ကိုမူ လတ်တလောတွင် ရှင်းလင်းစွာ မသိရပေ။ အခြေအနေကို ရှင်းလင်းစွာ သိရရန် စီအင်န်အင်န်က နိုင်ငံတော်လုံခြုံရေးကောင်စီထံ ဆက်သွယ်မေးမြန်းခဲ့သည်ဟု ဆိုသည်။
ပူတင်နှင့် အကြိမ်ရေဘယ်လောက်များများ ပြောခဲ့သလဲဆိုသည်နှင့်ပတ်သက်၍ ယင်းကို ပြောမပြတာက ပိုကောင်းပါသည်ဟု ထရမ့်ပ်က အင်တာဗျူးတွင် ပြောဆိုခဲ့သော်လည်း ရုရှားခေါင်းဆောင်နှင့် ဆက်ဆံရေးအဆင်ပြေသည်ဟု ဆိုသည်။
သုံးနှစ်ပြည့်တော့မည်ဖြစ်သည့် ယူကရိန်းစစ်ပွဲကို မြန်မြန်ဆန်ဆန် ပြီးဆုံးရန် မျှော်လင့်ကြောင်း အမေရိကန်သမ္မတက ထုတ်ဖော်ပြောကြားသည်။ ထရမ့်ပ်က သူ ရာထူးစယူပြီး ၂၄ နာရီအတွင်း ပဋိပက္ခ အဆုံးသတ်ရေးကို ဆောင်ရွက်မည်ဟု ကတိပြုထားခဲ့သည်။
“မြန်မြန်ပြီးမယ်လို့ ငါ မျှော်လင့်ပါတယ်၊ နေ့တိုင်း လူတွေ ေ-သကျနေကြတာ၊ ဒီစစ်ပွဲက ယူကရိန်းမှာ အတော်ဆိုးပါတယ်။ ဒီေ-ာက်ကိစ္စကို ငါ အဆုံးသတ်ချင်တယ်” ဟု သူက နူးယောက်ပို့စ်ကို ပြောကြားခဲ့သည်။
စစ်ပွဲအဆုံးသတ်ရေး ဆွေးနွေးမှုများသည် တိုးတက်မှုများ ရှိသည်ဟု ယခုသီတင်းပတ်အစောပိုင်းတွင် ထရမ့်ပ်က ပြောကြားခဲ့သည်။
ထရမ့်ပ်သည် သောကြာနေ့က ဖလော်ရီဒါသို့ အဲရ်ဖို့စ်ဝမ်းနှင့် ခရီးသွားစဉ် ပြုလုပ်ခဲ့သော အင်တာဗျူးအတွင်း အဆိုပါ အစည်းအဝေးများကို ဆက်လက်လုပ်ဆောင်ရန် သူ၏ နိုင်ငံတော်အကြံပေး Mike Waltz ကို ညွှန်ကြားခဲ့သည်။
“သူတို့ တွေ့ချင်ကြပါတယ်၊ လူတွေ နေ့စဉ်နဲ့အမျှ ေ-သနေရတယ်၊ ငါ့သားအရွယ် လူငယ်တွေပေါ့၊ နှစ်ဖက်စလုံးမှာ၊ စစ်မြေပြင်တစ်ခုလုံးမှာ” ဟု သူက ဆိုခဲ့သည်။
လာမည့်သီတင်းပတ်တွင် ယူကရိန်းသမ္မတ ဇလန်းစကီးနှင့် သူ တွေ့ဆုံနိုင်ခြေရှိသည်ဟု သောကြာနေ့တွင် ထရမ့်ပ်က သတင်းထောက်များကို ပြောဆိုခဲ့ပြီး ပူတင်နှင့်လည်း ဆွေးနွေးရန် စီစဉ်ထားသည်ဟု အရိပ်အမြွက် ပြောဆိုခဲ့သည်။
Ref: KTVZ21
